ဖေ့စ်ဘုတ် မိခင်ကုမ္ပဏီကို အီတလီက ဒေါ်လာ သန်း ၉၀၀ နီးပါး ဒဏ်ရိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖေ့စ်ဘုတ် မိခင်ကုမ္ပဏီကို အီတလီက ဒေါ်လာ သန်း ၉၀၀ နီးပါး ဒဏ်ရိုက်


နိုဝင်ဘာ - ၁၆ ( တနင်္လာနေ့ ) 

အီတလီနိုင်ငံရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဟာ ဖေ့စ်ဘုတ် ၊ အင်စတာဂရမ် နဲ့ ဝှပ်စ်အပ် တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မက်တာ ကို ယူရို ၈၀၅ သန်း (အမေရိကန်ဒေါ်လာ ၈၈၇ သန်း) ဒဏ်ငွေ ချမှတ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ အန်ဒရိုက်ဖုန်းတွေမှာရှိတဲ့ သုံးစွဲသူတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဖေ့စ်ဘုတ် က သုံးစွဲသူတွေရဲ့ သဘောတူညီချက်ကို ပြည့်ပြည့်ဝဝ မရယူဘဲ ဝင်ရောက်အသုံးပြုနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အီတလီနိုင်ငံရဲ့ အချက်အလက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့က စနေနေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ဖေ့စ်ဘုတ် ရဲ့ လုပ်ဆောင်ချက်တစ်ခုနဲ့ပတ်သက်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလုပ်ဆောင်ချက်ကတော့ သုံးစွဲသူတွေရဲ့ ဖုန်းဂလယ်ရီ ထဲမှာ သိမ်းထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဖေ့စ်ဘုတ် ပေါ်မှာ တင်နိုင်ဖို့ အကြံပြုပေးတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ကြီးကြပ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ဒီလုပ်ဆောင်ချက်ဟာ ပုံမှန်အားဖြင့် အလိုအလျောက် ဖွင့်ထားပြီး လုပ်ဆောင်ချက်အမျိုးမျိုးအတွက် ခွင့်ပြုချက်တစ်ခုတည်းနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေကို ခွင့်ပြုချက်တောင်းတဲ့အခါ “အခြားလုပ်ဆောင်ချက်တွေကို ဖွင့်ပေးရန်” ဆိုတဲ့ စကားလုံးကိုပဲ အသုံးပြုထားတာကြောင့် ဖေ့စ်ဘုတ်က ဖုန်း ဂယ်လရီထဲက ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုပါ ရယူကြည့်ရှုနိုင်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်ဘူးလို့ အဲဒီအဖွဲ့က ပြောပါတယ်။

တစ်ခါ ခွင့်ပြုချက်အပြည့်အဝ ပေးလိုက်ပြီဆိုရင်တော့ ဖေ့စ်ဘုတ်အက်ပ် ဟာ ဖုန်းထဲမှာ သိမ်းဆည်းထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်အားလုံးကို အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်တဲ့ အခြေအနေ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဘယ်လိုအချက်အလက်တွေကို တကယ်တမ်း ဝင်ရောက်ကြည့်ရှုနေသလဲ၊ ဘယ်အချက်အလက်တွေကို အသုံးပြုနေသလဲဆိုတာကို သုံးစွဲသူတွေနဲ့ ကြီးကြပ်ရေးအဖွဲ့တွေကပါ စစ်ဆေးအတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အီတလီကြီးကြပ်ရေးအဖွဲ့က မက်တာ ကို ရက်ပေါင်း ၆၀ အတွင်း ဖေ့စ်ဘုတ်အက်ပ် ရဲ့ ခွင့်ပြုချက်တောင်းခံတဲ့စနစ်ကို ပြောင်းလဲဖို့ ညွှန်ကြားလိုက်ပါတယ်။

ဒါ့အပြင် အဲဒီလုပ်ဆောင်ချက်ရဲ့ ရည်ရွယ်ချက်ကို သုံးစွဲသူတွေ နားလည်အောင် ရှင်းရှင်းလင်းလင်း အသိပေးဖို့နဲ့ သုံးစွဲသူတွေက သီးခြားခွင့်ပြုချက် ပေးထားခြင်းမရှိသေးသရွေ့ အဲဒီလုပ်ဆောင်ချက်ကို မူလအတိုင်း ပိတ်ထားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။ အီတလီနိုင်ငံမှာ အန်ဒရိုက် ဖုန်းအသုံးပြုသူဦးရေ ခန့်မှန်းခြေ သန်း ၂၀ လောက်ရှိတာကြောင့် ဒီစည်းမျဉ်းချိုးဖောက်မှုဟာ လူအများအပြားကို ထိခိုက်စေနိုင်တယ်လို့ ကြီးကြပ်ရေးအဖွဲ့က ပြောပါတယ်။ တစ်ဖက်မှာလည်း မက်တာ ဟာ စုံစမ်းစစ်ဆေးမှုတွေအတွင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် ဒီနှစ်အစောပိုင်းမှာ ဖေ့စ်ဘုတ် သုံးစွဲသူတွေရဲ့ ဂယ်လရီ ထဲက အချက်အလက်တွေကို ကလောက် စနစ်အသုံးပြုပြီး လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကိုလည်း သီးခြားစုံစမ်းစစ်ဆေးသွားဖို့ ရှိတယ်လို့ အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မက်တာ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အခုချမှတ်လိုက်တဲ့ ဒဏ်ငွေဟာ မမျှတဘဲ အလွန်အကျွံဖြစ်နေတယ်လို့ ပြောဆိုခဲ့ပြီး အဲဒီဒဏ်ငွေကို အယူခံဝင်သွားမယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။


REF: RT

#Myanmar #News



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)