နိုဝင်ဘာ - ၂ ( တနင်္လာနေ့ )
ဂျပန်အစိုးရနဲ့ အာဏာရညွန့်ပေါင်းအဖွဲ့ဟာ ဝန်ကြီးချုပ် ဆာနာအဲ တာကာချီရဲ့ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြှင့်တင်ရေးမူဝါဒအရ လာမယ့် ငါးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆနီးပါး တိုးမြှင့်ဖို့ စဉ်းစားနေကြပါတယ်။
ဒီအစီအစဉ်သာ အတည်ဖြစ်လာမယ်ဆိုရင် ၂၀၂၇ ခုနှစ် ဧပြီလကစလို့ ငါးနှစ်တာ ကာကွယ်ရေး တည်ဆောက်မှု အသုံးစရိတ်ဟာ ယန်း ၇၀ ထရီလီယံကနေ ၈၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၅၇ ဘီလီယံကနေ ၅၀၈ ဘီလီယံ) အထိ ရှိလာမှာဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်က စတင်ခဲ့တဲ့ လက်ရှိငါးနှစ်တာအစီအစဉ်ပါ ယန်း ၄၃ ထရီလီယံ ဝန်းကျင်နဲ့ယှဉ်ရင် ၁.၈ ဆခန့် မြင့်တက်လာမှာ ဖြစ်ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ အစိုးရအနေနဲ့ နှစ်ကုန်ပိုင်း ဘတ်ဂျက်ရေးဆွဲချိန်နဲ့ လုံခြုံရေးဆိုင်ရာ စာတမ်းသုံးစောင် ကို ပြန်လည်သုံးသပ်ချိန်တွေမှာ ဆက်လက်ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ လက်ရှိအချိန်မှာ ဘာမှမှတ်ချက်ပေးစရာမရှိသေးကြောင်း ပြောကြားထားပါတယ်။
သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ ဒီရန်ပုံငွေအသစ်တွေကို ဒရုန်းအစင်းရေများစွာ ဝယ်ယူခြင်းစတဲ့ ကိစ္စတွေအတွက် အဓိကသုံးစွဲသွားဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယန်းငွေတန်ဖိုး အားနည်းလာတာကြောင့် ကာကွယ်ရေးပစ္စည်းကိရိယာတွေ တင်သွင်းဝယ်ယူရတဲ့ စရိတ်စကတွေလည်း မြင့်တက်လာတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
နောက်ထပ် သတင်းရင်းမြစ်တစ်ခုကတော့ နောက်ဆုံးထွက်လာမယ့် ဘတ်ဂျက်ပမာဏဟာ ယန်း ၇၀ ထရီလီယံနှောင်းပိုင်းကနေ ၈၀ ထရီလီယံအစောပိုင်းအတွင်းမှာ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့၊ အရှေ့အာရှရဲ့ လက်ရှိလုံခြုံရေးအခြေအနေအရ ဒီပမာဏဟာ လုံလောက်ရဲ့လားဆိုတဲ့အပေါ် သံသယရှိနေပြီး အစိုးရနဲ့ အာဏာရညွန့်ပေါင်းအဖွဲ့တို့ကြား ဆက်လက်ဆွေးနွေး အငြင်းပွားစရာတွေ ရှိနေဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ချမှတ်ခဲ့တဲ့ လက်ရှိကာကွယ်ရေးတည်ဆောက်မှု အစီအစဉ်အရ ဂျပန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို မူလသတ်မှတ်ထားတဲ့ ယန်း ၂၇.၅ ထရီလီယံကနေ သိသိသာသာ တိုးမြှင့်ခဲ့တာဖြစ်ပြီး၊ အဓိကအားဖြင့် တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ရည်မှန်းချက်ပါတဲ့ ရေဝေးပစ်ဒုံးကျည်များအပြင် ခဲယမ်းမီးကျောက်နဲ့ စစ်ဘက်သုံးပစ္စည်းတွေအတွက် အရန်ပစ္စည်းတွေကို အဓိကထား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
REF: Japan Times
#News #Myanmar

No comments:
Post a Comment