နေပြည်တော်၊ နိုဝင်ဘာ ၅
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိအဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ တရားမဝင်အဆောက်အအုံ ၉ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးလျက်ရှိသည့် တရားမဝင် ၆ ထပ်အဆောက်အအုံတစ်လုံးမှာ ယနေ့တွင် ၁၀၀ ရာခိုင်နှုန်းဖြိုချပြီးစီးခဲ့သည့်အတွက် ယနေ့အထိတရားမဝင်အဆောက်အအုံ ၉ လုံး ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်းနှင့် ထပ်မံ၍ ၆ ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာလည်း ယနေ့အထိ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန်အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅ လုံး၊ စုစုပေါင်းအဆောက်အအုံ ၉ လုံးတို့ကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၅၄ လုံးကိုလည်း စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်းလုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar










No comments:
Post a Comment