နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ခွင့် ရရှိရေးအတွက် နိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတစ်ခုကို စွန့်လွှတ်ရန် စဉ်းစားပေးဖို့ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများက မေးမြန်းခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး က ပြောကြားလိုက်ပါသည်။
နေတိုး စစ်ရေးမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခွင့်ရမည်ဆိုပါက နိုင်ငံအရှေ့ပိုင်းရှိ ဒွန်ဘတ်စ် (Donbas) ဒေသမှ တပ်များ ရုပ်သိမ်းပေးနိုင်မလားဆိုသည့် မေးခွန်းကို ပထမဆုံးအကြိမ် အမေးခံခဲ့ရကြောင်း ဇယ်လန်စကီးက သောကြာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အမေရိကန်တွေဘက်က 'တကယ်လို့ ယူကရိန်းသာ နေတိုး (NATO) အဖွဲ့ထဲ ဝင်ခွင့်ရမယ်ဆိုရင် ဒွန်ဘတ်စ် (Donbas) ဒေသကနေ ဆုတ်ခွာပေးမလား' ဆိုတဲ့ မေးခွန်းကို ထုတ်လာပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ဒီကိစ္စကို စတင်ဆွေးနွေးလာတာပါပဲ" ဟု ယူကရိန်းသမ္မတက ဆိုသည်။
ဇယ်လန်စကီးက ၎င်းအနေဖြင့် နေတိုး (NATO) နှင့် ဥရောပသမဂ္ဂ (EU) တို့ထံမှ လုံခြုံရေးဆိုင်ရာ အာမခံချက်များ၊ "လုံလောက်သော တပ်ဖွဲ့ဝင်အင်အားနှင့် လက်နက်များ" အပြင် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ ပါဝင်သည့် ယူကရိန်းအတွက် "လုံခြုံရေး အစီအမံ (security package)" တစ်ခုကို ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။ အကယ်၍ အဆိုပါ အစီအမံများကို ကမ်းလှမ်းလာပါက ယခုကဲ့သို့ နယ်မြေအလဲအလှယ် လုပ်သင့်၊ မလုပ်သင့်ကို ယူကရိန်းပြည်သူများထံ မေးမြန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည်ဟု အတိအကျ မပြောဆိုခဲ့သော်လည်း "ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တစ်ဦးတည်း သဘောနဲ့ ချမှတ်ပိုင်ခွင့် မရှိပါဘူး" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
စစ်ပွဲစတင်ချိန်မှစ၍ ရုရှားက အများစုကို သိမ်းပိုက်ထားသည့် ဒွန်ဘတ်စ်ဒေသအား ထိန်းချုပ်နိုင်ရေးသည် ပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုများတွင် ထပ်တလဲလဲ အငြင်းပွား အကျပ်ရိုက်နေသည့် အဓိကအချက်တစ်ခု ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန်အတွက် ကြိုတင်စည်းကမ်းချက်တစ်ရပ်အနေဖြင့် ယူကရိန်းတပ်ဖွဲ့များ ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာပေးရန် ယခင်ကတည်းက တောင်းဆိုထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း အများစုက အတုအယောင် ရွေးကောက်ပွဲများအဖြစ် ပယ်ချခဲ့သည့် ရွေးကောက်ပွဲများကို ဒွန်ဘတ်စ်ဒေသ၏ သိမ်းပိုက်ခံ နယ်မြေများတွင် ကျင်းပပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ယူကရိန်းအရှေ့ပိုင်း ဒေသလေးခုကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းလိုက်ပြီဖြစ်ကြောင်း ပူတင်က ကြေညာခဲ့သည်။ အဆိုပါ နယ်မြေသွတ်သွင်းမှုများကို အမေရိကန်နှင့် ကုလသမဂ္ဂတို့က အသိအမှတ်မပြုသကဲ့သို့ နိုင်ငံအများစုကလည်း တရားမဝင် နယ်မြေကျူးကျော် သိမ်းပိုက်မှုအဖြစ် သတ်မှတ်ထားကြသည်။
ဇယ်လန်စကီးက ယူကရိန်းအနေဖြင့် "အနိမ့်ဆုံး လိုအပ်ချက်အဖြစ်" နေတိုး၏ အပိုဒ် ၅ (Article 5) ကို အခြေခံထားသည့် လုံခြုံရေး အာမခံချက်များ လိုအပ်ကြောင်း အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများကို ပြောကြားခဲ့သည်ဟု ဆိုသည်။ အဆိုပါ အပိုဒ် ၅ သည် စစ်ရေးမဟာမိတ်အဖွဲ့၏ အဓိကအခြေခံမူကို ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအား တိုက်ခိုက်ခြင်းကို အခြားအဖွဲ့ဝင်နိုင်ငံအားလုံးအား တိုက်ခိုက်ခြင်းအဖြစ် သတ်မှတ်သည့် မူဝါဒဖြစ်သည်။
ထို့ပြင် ယင်းအစီအစဉ်သည် "သေချာပေါက် အလုပ်ဖြစ်မည်ဟု မသေချာကြောင်း" နှင့် နေတိုးအဖွဲ့ဝင်ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ပိုမိုတိကျသည့် အသေးစိတ်အချက်အလက်များ လိုအပ်နေသေးကြောင်း ယူကရိန်းသမ္မတက ထပ်လောင်း ပြောကြားခဲ့သည်။
Ref - CBS
#News #Myanmar

No comments:
Post a Comment