နေပြည်တော်၊ နိုဝင်ဘာ ၁၂
အွန်လိုင်းလိမ်လည်လောင်းကစားမှုသည် သာမန်ငွေကြေးလိမ်လည်မှု တစ်ခုသာ မဟုတ်ဘဲ နည်းပညာ၊ သတင်းအချက်အလက်၊ စီးပွားရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့နှင့်ပါ ဆက်စပ်နေသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သော ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူကာ ဒေသတွင်းအင်အားစု များအပြင် အိမ်နီးချင်းနိုင်ငံများနှင့်ပါ ပူးပေါင်း၍ ထိရောက်ပြတ်သားစွာ နှိမ်နင်းဆောင် ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် .. အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိရောက်ပြတ်သားစွာ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်၍ဖြစ်စေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ ဝင်ရောက်လာကြပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေကြသည့် ပြည်ပ နိုင်ငံခြားသား အများအပြားကို ရှမ်းပြည်နယ် နယ်စပ်ဒေသအသီးသီး၌ ၎င်းတို့အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ပြည်ပနိုင်ငံသားများတွင် တရုတ်နိုင်ငံသားများ အများဆုံးပါဝင်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အတွင်း ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ သည့် ပြည်ပနိုင်ငံသား ၇၅၉ ဦး အနက် ၅၀၂ ဦးသည် တရုတ်နိုင်ငံသားများဖြစ်ကြပြီး သိမ်းဆည်းရမိခဲ့သည့် ကွန်ပျူတာနှင့်ဖုန်းများအတွင်း တွေ့ရှိချက်များနှင့် ၎င်းတို့အား စိစစ်မှုများအရ ၎င်းတို့၏ တရုတ်နိုင်ငံသားအချင်းချင်းကိုသာ အဓိကပစ်မှတ်ထားပြီး အင်တာနက်၊ လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာများကို အသုံးချ၍ လူတစ်ဦးချင်းစီ၏ ယုံကြည်မှု၊ စိတ်ခံစားမှုနှင့် ငွေကြေးဆိုင်ရာ အကျိုးအမြတ်မျှော်လင့်ချက်များကို အခွင့်ကောင်းယူကာ ငွေကြေးလိမ်လည်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ် ကြောင်းသိရှိရသည်။ ထို့သို့ ကျူးလွန်လုပ်ဆောင်ရာတွင်လည်း တရုတ်နိုင်ငံသားများသာ အဓိကအသုံးပြုသည့် မိတ်ဆွေဖွဲ့ Application နှင့် Chat Application များဖြစ်သည့် Safe WI QQ Yuanbao Dou Yu Feishu Safe X Wechat | Litmatch & Telegram စသည့် Application များကို အသုံးပြုလေ့ရှိကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသူများအား စိစစ်ချက်များအရ ပစ်မှတ်ရွေးချယ်ခြင်းအပိုင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်းအပိုင်းတွင် ၎င်းတို့သည် အသိပညာနည်းပါးသူ၊ နည်းပညာအားနည်းသူ နှင့် လောဘစိတ်ရှိသူများကို အဓိကပစ်မှတ်ထားရှာဖွေလေ့ရှိကြောင်း၊ ပစ်မှတ်များအား ရွေးချယ်ပြီးနောက် ချဉ်းကပ်ရမည့်ပုံစံနှင့် လိမ်လည်ရမည့်ပုံစံအား ချမှတ်နိုင်ရန် ပစ်မှတ်၏ အသက်အရွယ်၊ ဝါသနာ၊ အလုပ်အကိုင်တို့အပေါ်မူတည်၍ ခွဲခြားသတ်မှတ်ပြီး ပစ်မှတ်ထားခံရသူများ၏ ယုံကြည်မှုကို ရရှိစေရန်နှင့် ရင်းနှီးသောဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ရန် ကြိုးပမ်းကြကြောင်း၊ ပစ်မှတ်၏ လူမှုအဆင့်အတန်း၊ အလုပ်အကိုင်၊ ဝါသနာနှင့် စိတ်ဝင်စားမှုများအပေါ်မူတည်၍ ၎င်းတို့၏ အယောင်ဆောင်ပုံစံကို သတ်မှတ်ကြကြောင်း၊ စစ်ဘက်၊ ရဲဘက်ဆိုင်ရာ ရာထူးအာဏာရှိသူများ၊ လုပ်ပိုင်ခွင့်ရရှိသူ အစိုးရ ဝန်ထမ်းများ၊ ငွေကြေးချမ်းသာကြွယ်ဝသည့် ကုမ္ပဏီပိုင်ရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာတတ်လူတန်းစားများ၊ နည်းပညာကျွမ်းကျင်သူများ၊ ရုပ်ရည်ချောမောလှပသူများ စသည်ဖြင့် အယောင်ဆောင်ကြကြောင်း၊ လိမ်လည်မည့် ဇာတ်ကောင်အပေါ်မူတည်၍ လိုအပ်သည့်ဓာတ်ပုံများ၊ အထောက်အထားစာရွက်စာတမ်းများ၊ လူနေမှုဘဝပုံစံများကို သဘာဝကျအောင် ကြိုတင်ဖန်တီးထားကြောင်း သိရှိရသည်။
ယင်းနောက် ကြိုတင်ဖန်တီးထားသည့် ဇာတ်ကောင်၏ လုပ်ငန်းခွင်နှင့်သက် ဆိုင်သည့် အကြောင်းအရာများနှင့် အတွေ့အကြုံများအား ပြောပြခြင်းဖြင့် တဖြည်းဖြည်း ခင်မင်မှုနှင့် ယုံကြည်မှုရရှိအောင် ချဉ်းကပ်ကြပြီး တစ်ချိန်တည်းတွင် ပစ်မှတ်၏ ဝါသနာ၊ စိတ်ပါဝင်စားမှုနှင့် ဘဝဇာတ်ကြောင်းများကိုလည်း မေးမြန်းကာ ပစ်မှတ်အကြောင်းပိုမိုနားလည်သိရှိအောင် ဆောင်ရွက်၍ စိတ်တူကိုယ်တူရှိသူများအဖြစ် ဟန်ဆောင်လျက် ရင်းနှီးမှုနှင့် ယုံကြည်မှုရရှိအောင် တည်ဆောက်ကြကြောင်း သိရှိရသည်။
ဆက်လက်၍ လိမ်လည်မှုနည်းလမ်းများ ပြုလုပ်ခြင်းအနေဖြင့်လည်း ပစ်မှတ်ထား ခံရသူများနှင့် ယုံကြည်မှုတည်ဆောက်ပြီး ၎င်းတို့၏ အသက်အရွယ်၊ လူမှုအဆင့်အတန်း၊ စိတ်ခံစားမှုနှင့် လိုအင်ဆန္ဒများအပေါ်မူတည်၍ လိမ်လည်မှုပြုလုပ်မည့် နည်းလမ်းများ ကို ပြောင်းလဲအသုံးပြုကြကြောင်း၊ ပစ်မှတ်သည် အသက်ငယ်ရွယ်သူဖြစ်ပါက ရုပ်ရည် ချောမောလှပသော ဆန့်ကျင်ဘက်လိင်အဖြစ် သရုပ်ဆောင်ချဉ်းကပ်ပြီး အသက်အရွယ် ကြီးသူဖြစ်ပါက အထင်ကြီးလေးစားမှုရရှိစေရန် နိုင်ငံ့ဝန်ထမ်း သို့မဟုတ် စီးပွားရေး လုပ်ငန်းရှင်အဖြစ် အယောင်ဆောင်၍ ယုံကြည်မှုရရှိအောင် ပြုလုပ်ကြကြောင်း၊ အသက်ငယ်ရွယ်သည့် ပစ်မှတ်ဖြစ်ပါက နေ့စဉ်အဆက်အသွယ်ပြုလုပ်ခြင်း၊ ဂရုစိုက်ကြင်နာသည့် စကားများပြောဆိုခြင်းတို့ဖြင့် ချစ်သူရည်းစားသဖွယ် ဆက်ဆံရေးရရှိလာသည့်အခါ မိသားစုအရေးပေါ်အခြေအနေ၊ ကျန်းမာရေးပြဿနာ၊ စီးပွားရေးအဆင်မပြေမှု စသည့် အကြောင်းပြချက်များဖြင့် ငွေကြေးအကူအညီ တောင်းခံကြကြောင်း၊ အချို့သည် အနာဂတ်တွင် လက်ထပ်ပေါင်းသင်းရန် ကတိပြုပြောဆိုကာ ငွေကြေးအကူအညီများ ထပ်မံတောင်းခံကြကြောင်း၊ ငွေကြေးရရှိပြီးနောက် ဆက်သွယ်မှုဖြတ်တောက်ခြင်း၊ အကောင့်ပိတ်သိမ်းခြင်း သို့မဟုတ် အကြောင်းပြချက် အသစ်များဖြင့် ငွေထပ်မံတောင်းခံ ခြင်းများ ပြုလုပ်ကြကြောင်း သိရှိရသည်။
လောဘစိတ်ရှိသူများကို လိမ်လည်မှုအပိုင်းတွင် မိမိတို့တွင် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း သွေးဆောင်စည်းရုံး ကာ အမြတ်အစွန်းများစွာ ရရှိနိုင်သည်ဟု ယုံကြည်အောင်ပြောဆိုကြကြောင်း၊ ထို့ပြင် အခြားသူများ ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ်ရရှိနေကြောင်း ထင်မြင်စေမည့် အထောက် အထားအတုများ၊ မှတ်တမ်းအတုများနှင့် အွန်လိုင်းစာမျက်နှာအတုများကို အသုံးပြုကြ ကြောင်း၊ ပစ်မှတ်ထားခံရသူက စိတ်ဝင်စားလာပါက ၎င်းတို့ဖန်တီးထားသည့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရသည့် Application များနှင့် စတော့ရှယ်ယာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပါက အမြတ်အစွန်း ပြန်လည်ရရှိမည်ဖြစ်ကြောင်းပြောဆို၍ အခြားသူများလည်း ရင်းနှီးမြှုပ်နှံထားကြောင်း ယုံကြည်မှုရှိစေရန် ... အဖွဲ့လိုက်ဓာတ်ပုံများပေးပို့၍ ဆွဲဆောင်စည်းရုံးကြကြောင်း၊ လုပ်ငန်းမှရရှိသည့် အမြတ်အစွန်းများဖြင့် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းမှုဓာတ်ပုံများ ပြုလုပ်၍လည်း အမှန်တကယ် အကျိုးအမြတ်ရရှိ သည့်အပြင် အများအကျိုးပြုနိုင်သည့် လုပ်ငန်းအဖြစ် အထင်ကြီးလေးစားမှုရှိစေရန် ပြုလုပ်ကြကြောင်း၊ ၎င်းတို့သည် အစပိုင်းတွင် ပိုမိုယုံကြည်လာစေရန် အမြတ်အစွန်းများ ပြန်လည်ထုတ်ပေးသော်လည်း ရင်းနှီးမြှုပ်နှံသူ များပြားလာပါက Application များ ဖျက်သိမ်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုငွေများ ပြန်လည်ထုတ်မပေးခြင်းနှင့် ငွေကြေးစီးဆင်းမှုကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းများပြုလုပ်၍ လိမ်လည်လေ့ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။
ထို့ပြင် ကံစမ်းမဲ၊ ဆုကြေးငွေကို မက်လုံးပေး၍ လိမ်လည်မှုအနေဖြင့် ဖုန်းစာတို (SMS)၊ အီးမေးလ်(Email)နှင့် Viber၊ Telegram စသည့် လူမှုကွန်ရက်နှင့် ဆက်သွယ်ရေး Application များကို အသုံးပြု၍ Website Link အတုများပေးပို့ကာ လိမ်လည်သည့် နည်းကိုလည်း ပြုလုပ်လေ့ရှိကြောင်း၊ ပစ်မှတ်ထားခံရသူများ၏ ... စိတ်ဝင်စားမှုနှင့် ယုံကြည်မှုကိုရရှိစေရန် ဆုငွေလက်ဆောင်နှင့် ငွေသားဆုများ ... ကံစမ်းမဲပေါက်မှု အကြောင်းပြ၍ သံသယဖြစ်ဖွယ် Website Link များကိုပေးပို့ကြပြီး ထိုသို့ပေးပို့ရာတွင် အချို့သော လိမ်လည်သူများသည် ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အစိုးရ ဌာနများနှင့် နာမည်ကြီးကုမ္ပဏီများ၏ အမည်၊ အမှတ်တံဆိပ်(Logo) နှင့် Website ပုံစံများကို တုပဖန်တီးကာ တရားဝင် Website တစ်ခုကဲ့သို့ ထင်မြင်စေရန်ပြုလုပ်၍ လိမ်လည်ကြကြောင်း သိရှိရသည်။
အွန်လိုင်းမှတစ်ဆင့် လောင်းကစားဝါသနာပါသူများကို လိမ်လည်မှုအပိုင်းတွင် လူမှုကွန်ရက်များမှတစ်ဆင့် ... အွန်လိုင်းလောင်းကစားနှင့် ဂိမ်းပလက်ဖောင်းများကို ကြော်ငြာခြင်း၊ အနိုင်ရရှိနိုင်ခြေမြင့်မားကြောင်းနှင့် ငွေကြေးထည့်ဝင်ပါက အမြတ်အစွန်း များ ရရှိနိုင်ကြောင်း မက်လုံးပေးပြောဆိုခြင်းတို့ ပြုလုပ်ကြကြောင်း၊ ထို့ပြင် အချို့သော ပလက်ဖောင်းအတုများတွင် အသုံးပြုသူများအနေဖြင့် အနိုင်ရရှိနေသကဲ့သို့ ဂိမ်းရလဒ်များ၊ ငွေလက်ကျန်များနှင့် အမြတ်အစွန်းများကို ဖန်တီးပြသကာ ယုံကြည်မှုရရှိစေရန် လုပ်ဆောင်ကြကြောင်း သိရှိရသည်။
အလုပ်အကိုင်အခွင့်အလမ်း မက်လုံးပေး၍ လိမ်လည်ရာတွင် အိမ်တွင်နေထိုင်ရင်း အလုပ် လုပ်ကိုင်နိုင်ခြင်း၊ အချိန်ပိုင်းအလုပ်များဖြင့် ဝင်ငွေကောင်းစွာရရှိနိုင်ခြင်း၊ အထူး ကျွမ်းကျင်မှုနှင့် အတွေ့အကြုံမလိုအပ်ဘဲ လစာမြင့်မားစွာ ရရှိနိုင်ခြင်းစသည့် မက်လုံးပေးကြော်ငြာမှုများဖြင့် ဆွဲဆောင်ကြပြီး အလုပ်အကိုင်ရရှိရန် မှတ်ပုံတင်ကြေး၊ အာမခံကြေး၊ သင်တန်းကြေးနှင့် လုပ်ငန်းဆောင်ရွက်ခများ ပေးသွင်းရန်တောင်းဆိုခြင်း၊ အလုပ် တာဝန်များ ဆောင်ရွက်ပြီးစီးပါက လုပ်ခလစာနှင့် အကျိုးအမြတ်များရရှိမည်ဟု ပြောဆို ခြင်းတို့ဖြင့် ငွေကြေးပေးသွင်းစေရန် လိမ်လည်ကြကြောင်း၊ အချို့ဖြစ်ရပ်များတွင် သဘာဝကျစေရန် အလုပ်အတွက် ကိုယ်ရေးအချက်အလက်၊ မှတ်ပုံတင်အချက်အလက်နှင့် ဘဏ်အကောင့် အချက်အလက်များကိုပါ တောင်းခံအသုံးပြုကြကြောင်း သိရှိရသည်။
ထို့အပြင် ယခုနောက်ပိုင်းတွင် အဆင့်မြင့် AI နည်းပညာများကို အထောက်အကူပြု ကိရိယာတစ်ခုအဖြစ် အသုံးချလာကြကြောင်း၊ အထူးသဖြင့် AI ဖြင့် လူပုဂ္ဂိုလ်များ၏ မျက်နှာပုံရိပ်နှင့် အသံများကို တုပဖန်တီးနိုင်သော Deepfake နည်းပညာကို အသုံးပြု၍ ထင်ရှားကျော်ကြားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရတာဝန်ရှိသူများ၏ အမည်၊ ရုပ်ပုံနှင့်အသံများကို အလွဲသုံးစားပြုကာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ယုံကြည်စိတ်ချ ရသည့်အစီအစဉ်များ ဖြစ်သကဲ့သို့ ဖန်တီးကြော်ငြာကြကြောင်း၊ သတင်းဌာနများ၏ တရားဝင် Website နှင့် ပုံစံတူ Website အတုများကို ဖန်တီးအယောင်ဆောင်ပြီး ထင်ရှားကျော်ကြားသူများ၏ အင်တာဗျူးအတုများ၊ သတင်းဆောင်းပါးအတုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြော်ငြာအတုများကိုဖော်ပြကာ အဆိုပါပုဂ္ဂိုလ်များက ရင်းနှီးမြှုပ်နှံ မှုအစီအစဉ်များကို အမှန်တကယ် ထောက်ခံအားပေးနေသကဲ့သို့ လှည့်ဖြားဆွဲဆောင်မှု များ ပြုလုပ်ကြကြောင်း သိရှိရသည်။
အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသည် နယ်စပ်ဒေသရှိ သောင်း ကျန်းသူအဖွဲ့များ အခြေပြုသည့် ဥပဒေကင်းလွတ်ရာ နယ်မြေများတွင် အဓိကအခြေပြု လုပ်ကိုင်လေ့ရှိသည်ကို တွေ့ရှိရကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သော ရာဇဝတ်မှုခင်းများ ဖြစ်သည့်အပြင် ၎င်း ရာဇဝတ်မှုများသည် လူအများစုအပေါ် ကျူးလွန်သောရာဇဝတ်မှုအဖြစ် သတ်မှတ်ထား ပြီး နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေကြောင်း၊ လိမ်လည်သူများအနေဖြင့် လိမ်လည်ခြင်းများ ပြုလုပ်ရာ၌ ပစ်မှတ်များ၏ ပညာအရည်အချင်းနည်းပါးမှု၊ အသိပညာ ခေါင်းပါးမှု၊ နည်းပညာမကျွမ်းကျင်မှုနှင့် အမြတ်အစွန်းရလိုသည့် လောဘစိတ်တို့ အပေါ်မူတည်၍ လိမ်လည်နည်းများကို ပေါင်းစပ်အသုံးပြုလေ့ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ကျူးလွန်ကြသူ အများစုအနေဖြင့် နိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုများအပြင် အခြားသောဒုစရိုက်မှုမျိုးစုံကို ဆိုးရွားစွာ ကျူးလွန် ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ကျူးလွန်ခဲ့ကြသူများသည် Social Media မှတစ်ဆင့် နည်းမျိုးစုံဖြင့် မက်လုံးပေးစည်းရုံးမှုကြောင့် နိုင်ငံစုံမှ အလုပ်လာရောက်လုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှုများ ကျူးလွန်ထွက်ပြေးတိမ်း ရှောင်နေကြသူများဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့အနေဖြင့် အရှေ့တောင်အာရှနိုင်ငံ အချို့တွင် လုပ်ကိုင်ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံအချို့ ပဋိပက္ခဖြစ်ပွားမှု နောက်ပိုင်းတွင်မှ မြန်မာနိုင်ငံနယ်စပ်ရှိ လက်နက်ကိုင်အကြမ်းဖက်ပူးပေါင်းအဖွဲ့များ အခြေချနေထိုင်လျက် ရှိသော ရှမ်းပြည်နယ်ဒေသများသို့ တစ်ဖက်နိုင်ငံမှတစ်ဆင့် တရားမဝင်နည်းလမ်းပေါင်းစုံ ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များ ဝင်ရောက်လုပ်ကိုင်မှု အပေါ် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံနှင့်ဒေသအပေါ် ကြီးမားစွာ ထိခိုက်နစ်နာမှု များကိုလျစ်လျူရှု၍ မြေနေရာပေးခြင်း၊ အကာအကွယ်ပေးထားခြင်းများရှိသည်ကို တွေ့ရှိရသည်။
ထို့ပြင် အဆိုပါလုပ်ငန်းများသည် နိုင်ငံတကာငွေကြေးစီးဆင်းမှုနှင့် ဒီဂျစ်တယ် နည်းပညာများကို အသုံးချ၍ နယ်စပ်ဖြတ်ကျော်လုပ်ကိုင်နေသည့်အတွက် လိမ်လည်ခံ ရသူများ၏ ငွေကြေးဆုံးရှုံးမှုကို ဖြစ်ပေါ်စေရုံသာမက ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှု ကဲ့သို့သော ဆက်စပ်မှုခင်းများကိုပါ ဖြစ်ပေါ်စေလျက်ရှိသည်။ အထူးသဖြင့် အဆိုပါ Scam Center များတွင် နိုင်ငံအသီးသီးမှ လူများကို အလုပ်အကိုင်ကောင်းများ ရရှိမည်ဟု လိမ်လည်ခေါ်ယူပြီးနောက် အွန်လိုင်းလိမ်လည်မှုများတွင် အတင်းအကျပ် ပါဝင်လုပ်ကိုင် စေသည့်ဖြစ်စဉ်များလည်းရှိနေကြောင်း သိရှိရပြီး ယင်းအခြေအနေများကြောင့် အွန်လိုင်း လိမ်လည်မှုသည် နိုင်ငံတစ်နိုင်ငံတည်း၏ ပြည်တွင်းမှုခင်းပြဿနာအဖြစ်သာမက နိုင်ငံတကာ၏ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးကဏ္ဍများကိုပါ ခြိမ်းခြောက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်ဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်း သိရှိ ရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ လူမှုစီးပွား ဘဝများကို ပျက်စီးစေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများကို ထိရောက်ပြင်းထန်စွာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေ ဖြင့်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေမှုများအား သိရှိပါ က သက်ဆိုင်ရာသို့ သတင်းပေးပို့၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့်ရရှိလာသော သတင်းအချက်အလက်များကို စိစစ်အတည်ပြုခြင်း၊ မသင်္ကာဖွယ်ရာ Link များကို ရှောင်ကြဉ်ခြင်း၊ Password နှင့် OTP ကဲ့သို့သော ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့်လည်း ပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar



















No comments:
Post a Comment