မိုင်းကိုင်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ အားလုံးကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့မနက်ပိုင်းက အထက( မိုင်းကိုင်)၌ ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့ပြီးနောက် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ကုသရေးကာလအတွင်း ဇူလိုင်လ ၉ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ယာယီပိတ်ထားခဲ့ရာမှ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ကျောင်းများ အားလုံးကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် နယ်မြေခံတပ်ရင်းမှ အရာရှိနှင့် စစ်သည်များ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ ၊ အထက(မိုင်းကိုင်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ စုစုပေါင်း အင်အား ၉၉ ဦးတို့က ကျောင်းဝင်းအတွင်း မြက်၊ ချုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများ ၊ ရေဝပ်သောနေရာများကို ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခြင်း စသည့်ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
မိုင်းကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၂၂ ကျောင်း ရှိသည့်အနက် ၊ စစ်ပွဲရှောင် ဒေသရှိ ကျောင်းများ နှင့် ဆရာ/ဆရာမ မရှိသော ကျောင်းများ စုစုပေါင်း ၆၄ ကျောင်း တို့ကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ၊ အထက ကျောင်း (၁)ကျောင်း ၊အထက-ခွဲကျောင်း (၂)ကျောင်း၊ အလက ကျောင်း (၁)ကျောင်း ၊ အလက-ခွဲ (၅) ကျောင်း ၊ မူလတန်းလွန်ကျောင်း (၁၁) ကျောင်း ၊ မူလတန်းကျောင်း (၂၄) ကျောင်း နှင့် မူလတန်း(ခွဲ)ကျောင်း (၁၄) ကျောင်း ၊ စုစုပေါင်း ၅၈ ကျောင်းကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင် ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်လှစ်မည့်ကျောင်းများအားလုံးသို့ ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်ရေး ဆက်သွယ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူ၏ ပြောကြား ချက်အရ သိရှိရသည်။
သတင်း - ချော(မိုင်းကိုင်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment