မကွေး၊ အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနေ့စဉ် လုပ်ငန်းညှိနှိုင်း အမှတ်စဉ်(၃၈/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် သိသိသာ လျော့နည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးမှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်စည်းရုံးကာ ထိုးနှံပေးဖို့ လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းလာပြီဖြစ်သော်လည်း ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကိုလည်း လိုက်နာကြရန် လိုအပ်ကြောင်းနှင့် ယခုအခါ နိုဝင်ဘာလ (၁)ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများ အနေဖြင့် ဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ခရိုင်/မြို့နယ်များ တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ် ဆေးများ ထိုးနှံပေးမှု အခြေအနေများနှင့် ထိုးနှံပြီးစီးမှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များသော မြို့နယ်များတွင် RDT Test Kit များဖြင့် ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုအခြေအနေများနှင့် ဆက်လက်စစ်ဆေးသွားမည့် အခြေအနေများ ကိုလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား/သူများ လုံခြုံဘေးကင်းစွာ ပညာသင်ကြားနိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ပြန်/ဆက် ဦးစီးမှူးက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုများအား ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပညာပေး လှုံ့ဆော် ဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန် နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - ကိုစည်သူ(မကွေး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment