နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ တင်ပြလျှောက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ တင်ပြလျှောက်ထား












 နေပြည်တော် နိုဝင်ဘာ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီး‌ မောင်မောင်ကျော်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်သို့ သွားရောက်၍ ဗန်းမော်ဆရာတော် ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော် ကျောင်းတိုက်သို့ ရောက်ရှိကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဗန်းမော် ဆရာတော်ဘုရားကြီးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ(၈)ပါးစုံ လှူဖွယ် ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန်တော် ၁၀၀ အိတ်၊ ပဲ ၁၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗန်းမော် ဆရာတော်ဘုရားကြီးထံ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့် အခြေအနေ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရာတွင် ပိဋကတ်သုံးပုံ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော် ကြည်ညိုပူဇော်နိုင်ရေး နှင့် ခေတ်အဆက်ဆက်မှတ်တမ်း ကျန်ရှိစေရေးအတွက် ပိဋကတ်ကျောက်စာ များ တည်ထားဆောင်ရွက်မည့် အခြေအနေ၊ ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများ သည် ယခင်ကမြန်မာ အက္ခရာဖြင့်သာရှိခဲ့သဖြင့် ကမ္ဘာ၌ ပိုမိုတွင်ကျယ်စေရေး အတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ အရှင်သီလာနန္ဒာဘိဝံသ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးက ကြီးကြပ်ကွပ်ကဲ၍ ရောမအက္ခရာ ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာဖြင့် ဖလှယ်၍ ပုံနှိပ်ထုတ်ဝေနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေ၊ အဆိုပါ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိ အက္ခရာ၊ ရောမအက္ခရာဟုခေါ်သည့် အင်္ဂလိပ် အက္ခရာတို့ဖြင့် ရေးထိုးပူဇော်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိသည့် အခြေအနေများအား အကွက်ချပုံစံများ၊ ကျောက်စာတိုက်နှင့် ကျောက်စာချပ် နမူနာပုံစံငယ်များဖြင့် တင်ပြလျှောက်ထားကာ ဆရာတော် ဘုရားကြီးထံမှ လမ်းညွှန်ဩဝါဒကို ခံယူသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ချမ်းအေးသာဇံမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်သို့ ရောက်ရှိကြပြီး နိုင်ငံတော် ဩဝါဒါစရိယ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ(၈)ပါးစုံ လှူဖွယ် ပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ ဆွမ်းဆန်တော် အိတ် ၂၀ ၊ ပဲ ၅ အိတ်၊ ဆီ ပိဿာ ၅၀ ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေ များကို မေးမြန်းလျှောက်ထားကာ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများ ကို မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော် မြတ်စွာဘုရားသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် ဘုရားကြီး ပြုပြင်မွမ်းမံထိန်းသိမ်းနိုင်ရေး အတွက် ဘက်စုံအလှူငွေ များ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ် သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုး ပူဇော်သည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဘုရားပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုပြီး မင်းတုန်းမင်းကြီး တည်ထားကိုးကွယ် ခဲ့သည့် မင်းနေပြည်တော် ဘုရားဖြစ်သဖြင့် ဘုရားဖူးပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေး စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုရားကြီးရှိ ရှေးလက်ရာ တံခါးကြီးများအား ရှေးမူမပျက်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥယျာဉ်တော်အတွင်းရှိ သီဟိုဠ် စွယ်တော်ကြုတ်ပုံ အုတ်ပြာဿဒ် တစ်ခုစီအတွင်း၌ ပိဋကတ်သုံးပုံ ကျောက်စာချပ်များအား ဘုရားဖူး လာသူများ စိတ်အေးချမ်းသာစွာ လေ့လာဖူးမြော်နိုင်ရေး အတွက် ဘုရားရင်ပြင်တော်နှင့် ဥယျာဉ်တော်ပတ်လမ်းအား နေပူခံကျောက်ပြားများ ခင်းကျင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောက်စာတိုက်များနှင့် ကျောက်စာချပ်များ၏ သန့်ရှင်း သပ်ရပ်ရေးနှင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် သန့်ရှင်းရေး ပြန်လည်ပြုလုပ်ရန် လိုပြီး အများပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ကျောက်စာတိုက်နှင့် ကျောက်စာချပ်များကို မှတ်တမ်းစာအုပ်ပြုစု ထားရှိရန်လိုကြောင်း၊ စေတီတော်ကြီး၏ ပုံစံငယ်များ အများပြည်သူများ လေ့လာနိုင်ရေးအတွက် ခေတ်မီပုံစံငယ်အဖြစ် ပြန်လည်ပြုလုပ် ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


အဆိုပါ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော် မြတ်စွာဘုရားကြီးကို ၁၈၅၂ ခုနှစ်တွင် နန်းတက်သည့် မင်းတုန်းမင်းတရားကြီးက ဦးစီး လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ သာသနာတော် ရှည်ကြာစွာ တည်တံ့ထွန်းလင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်ကြောင်း၊ ကုသိုလ်တော်မြတ်စွာ ဘုရားကြီး၌ ကျောက်စာချပ်ရေ ပေါင်း ၇၂၉ ချပ်ရှိပြီး၊ ၁၈၆၈ ခုနှစ်တွင် ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းတစ်ခုလုံးကို ကမ္ပည်းအက္ခရာ တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာချပ် တစ်ချပ်ချင်းစီကို ကျောက်စာရုံများအတွင်း၌ ထားရှိ ခဲ့ပြီး ယနေ့တိုင်တည်ရှိနေဆဲ ဖြစ်ကာ ကျောက်စာချပ်များသည် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်းနှင့် ကုသိုလ်တော် မြတ်စွာဘုရားကြီးနှင့် ယူနက်စကိုကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ကျောက်စာချပ်များ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ခေတ်အဆက်ဆက် စနစ်တကျ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)