သီပေါ၊ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးဘေး၊ ပန်စောက်မိန်းကျေးရွာရှိအောက်ဆီဂျင်စက်ရုံ မှအောက်ဆီဂျင်များကို အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ထုတ်လုပ်ခဲ့ရာ ယနေ့အချိန်အထိ အောက်ဆီဂျင် (၄၀) လီတာဆံ့အိုး (၁၉၄၆)အိုး ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်းနှင့် နေ့စဉ်ပုံမှန် ထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါစက်ရုံကို သီပေါမြို့နယ် ရပ်နီး/ရပ်ဝေး အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ကျပ်သိန်းပေါင်း (၂၄၀၀)ကျော်နှင့် အချိန်တိုအတွင်း ဆောက်လုပ်နိုင်ခဲ့ပြီး တစ်နေ့လျှင် (၁၀)နာရီလည်ပတ်၍ အောက်ဆီဂျင် (၄၀)လီတာဆံ့အိုး (၆၁)အိုး ထုတ်လုပ်ပေးလျက် ရှိကြောင်း၊ သီပေါမြို့နယ် ပြည်သူ့ဆေးရုံမှ အောက်ဆီဂျင် လိုအပ်သောလူနာများ အတွက်သာမက အနီးပတ်ဝန်းကျင်ရှိ ကျောက်မဲမြို့ပြည်သူ့ဆေးရုံ ၊ နောင်ပိန် နှင့် နမ့်လန် တိုက်နယ်ဆေးရုံများသို့ ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ သီပေါမြို့နယ် ပြည်သူ့ဆေးရုံအတွက် (၁၈၁၈)အိုး၊ ကျောက်မဲနှင့် နောင်ပိန်ဆေးရုံများအတွက် (၃၂)အိုး၊နမ့်လန်တိုက်နယ်ဆေးရုံအတွက် (၅၆)အိုး ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ပြည်သူ့ဆေးရုံအတွက် လိုအပ်သောအောက်ဆီဂျင်များကို စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းပေးလျက်ရှိပြီး ထိုလှူဒါန်းရရှိငွေများဖြင့် အောက်ဆီဂျင်အခမဲ့ ပေးဝေနိုင်ခြင်းဖြစ်ကြောင်းနှင့် အောက်ဆီဂျင်လိုအပ်နေသော လူနာများအတွက် အောက်ဆီဂျင် အခမဲ့ပေးဝေနိုင်ရန် ဘဏ္ဍာငွေရှာဖွေရေးနှင့်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ ဖွဲ့စည်းပြီး ၎င်းအဖွဲ့သို့ အလှူငွေများ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မြို့နယ်အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။
သတင်း - ခင်လေး( ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment