ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုမှ လေးပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၁ သန်း ရရှိခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ရရှိထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုမှ လေးပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၁ သန်း ရရှိခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ရရှိထား


 စစ်တွေ၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဂိတ်နှစ်ခုသို့ ရေထွက်ကုန်နှင့် ကုန်ခြောက်ပစ္စည်းများကို အောက်တိုဘာ ၁၃ ရက်မှစတင်၍ တင်ပို့ခဲ့ရာလေးပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ၂၆၁ သန်း ရရှိခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ရရှိခဲ့ကြောင်း သိရသည်။

သုံးလခန့် ရပ်နားထားခဲ့သော စစ်တွေ-ရွှေမင်းဂံ ဆိပ်ကမ်းနှင့် မောင်တော - ကညင်ချောင်းဆိပ်ကမ်း နယ်စပ်ဂိတ်နှစ်ခုကို ကိုဗစ်-၁၉ ရောဂါ သတ်မှတ် စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ နိုဝင်ဘာ ၈ ရက်အထိ ပို့ကုန်စုစုပေါင်းတန်ချိန် ၄၈၄၁ ဒသမ ၁၆ တန် တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၂ဒသမ၂၆၁ သန်းရရှိခဲ့ပြီး ရေထွက်ကုန် ၁၄၃၂ ဒသမ ၇၀ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ တင်ပို့သောကုန်ပစ္စည်းများတွင် ကုန်ခြောက်ပစ္စည်းတင်ပို့မှုမှ ၂၇ ဒသမ ၁၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှ ၇၂ ဒသမ ၈၇ ရာခိုင်နှုန်း ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသို့ ရန်ကုန်မြို့မှ အအေးခန်းမော်တော်ယာဉ်များဖြင့် ငါးမြစ်ချင်းများကို စစ်တွေမြို့သို့တင်ပို့၍ ထိုမှ တစ်ဆင့် စက်လှေများဖြင့် လည်းကောင်း၊ ရန်ကုန်မြို့မှ စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာ တပ်ဆင်ထားသော ရေယာဉ်များဖြင့်လည်းကောင်း ရေထွက် ကုန်များကို နယ်စပ်ဂိတ်နှစ်ခုသို့ တင်ပို့သောစနစ်ဖြင့် ကုန်စည်စီးဆင်းလျက်ရှိသည်။

ရန်ကုန်မြို့မှနယ်စပ်ဂိတ်သို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် စစ်ဆေးမှု အချိန်ကြာမြင့်ခြင်းနှင့် ရေထွက်ကုန် အရည်အသွေးကျဆင်းခြင်းတို့ကြောင့် နယ်စပ်ဆိပ်ကမ်းမြို့ဖြစ်သော တက်ကနက်ဖ်မြို့ထိ တိုက်ရိုက်တင်ပို့ရောင်းချသောစနစ်ကို မကြာမီ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ရေရှည်အတွက်ဆိုရင် ပို့ကုန်အရည်အသွေး မကျအောင် ဖွင့်ဖောက်စစ်ဆေးဖို့မလိုတဲ့ ခေတ်မီ စက်ကိရိယာတွေ အသုံးပြုနိုင်မယ်ဆိုရင် ပို့ကုန်လုံခြုံမှုကောင်းမွန်သလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံး နစ်နာမှုမရှိနိုင်ပါဘူး။ ပို့ကုန်ဝင်ငွေရရှိနေတဲ့ နယ်စပ် ဂိတ်ကုန်စည်တင်ပို့မှုမှာ လုပ်ငန်းရှင်တွေအနေနဲ့ စည်းကမ်းရှိစွာ တင်ပို့ရမှာဖြစ်သလို ကြီးကြပ်စစ်ဆေးမှုမှာလည်း ဝန်ထမ်းအပြည့်အဝနဲ့ စစ်ဆေးပြီး ခေတ်မီစက်ကိရိယာနဲ့ စစ်ဆေးနိုင်အောင် နိုင်ငံတော်က ပံ့ပိုးပေးနိုင်ရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ဖွင့်ပြီးလေးပတ်အတွင်း နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ၂၆၁ သန်း ရှာဖွေနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့အတွက် ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသက်ဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ်၌ ရေထွက်ကုန် ၇၀၈၉ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၁၈ သန်းရရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်၌ ကိုဗစ်ရောဂါကာလဖြစ်၍ ကုန်စည်စီးဆင်းမှု လျော့ကျခဲ့ရာ တန်ချိန် ၅၀၁၀ ဒသမ ၇၀ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၆၀ သန်း ရရှိခဲ့သည်။ အောက်တိုဘာ ၁၃ ရက်၌ ပြန်လည်ဖွင့်လှစ်ခဲ့သော နယ်စပ်ကုန်သွယ်ရေးတွင် နိုဝင်ဘာ ၈ ရက်အထိ ပို့ကုန်တန်ချိန် ၄၈၄၁ ဒသမ ၁၆ တန် တင်ပို့နိုင်ခဲ့ရာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၆၁ သန်း ရရှိထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် နိုင်ငံခြားငွေ အခွန် ၂ ရာခိုင်နှုန်း ရရှိမည့်အပြင် နိုင်ငံခြား ငါးဖမ်းရေယာဉ်ဥပဒေအရ သွားရောက်ရောင်းချမည့် ရေယာဉ်ပေါ်တွင် ပါရှိသောကုန်ချိန်ပေါ်၌ တစ်တန်လျှင် အမေရိကန် ၅ ဒေါ်လာနှင့် ရေယာဉ် မှတ်ပုံတင်ကြေးအဖြစ် ရေယာဉ်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၅၀ ရရှိမည်ဖြစ်သည်။ တိုက်ရိုက် ကုန်စည်တင်ပို့သောစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပို့ကုန်အရည်အသွေး ကောင်းမွန်မှုနှင့်အတူ ကုန်ပစ္စည်း ပိုမိုတင်ပို့နိုင်မှုဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေမည့်အပြင် အပြန်တွင် သွင်းကုန်ပစ္စည်းမပါဘဲ တစ်လုံးတစ်ခဲတည်း ငွေသား ရရှိသော ကုန်သွယ်မှုဖြစ်သောကြောင့် ပို့ကုန်လုပ်ငန်းရှင်နှင့် ငါးမွေးတောင်သူတို့အတွက် အကျိုးအမြတ်ရှိသော ကုန်သွယ်မှုလည်းဖြစ်သည်။


သတင်း - ညိမ်းသူ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)