မောင်တော၊ နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များအား (ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်က သတ်မှတ်စုရပ်နေရာ ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများ မှတ်ယူခြင်း ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား/သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေပြီး ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ ၊ ကျောင်းအုပ်ဆရာ/မကြီးများ ၊ ဆရာ/မများ ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား စုရပ်နေရာများတွင် (ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့က ၂၉၇ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ရာ ယမန်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူ စုစုပေါင်း ၁၇၇၂ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။
သတင်း - သက်လွင်စိုး (ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment