ဘားအံ၊ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီးဦးစိုးလွင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၁ နာရီခန့်က ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းရှိ မြို့မဘောလုံးကွင်းအား ပြန်လည်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူးသူရမြင့်သူ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်နှင့်တာဝန်ရှိသူများက မြို့မဘောလုံးကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်အတိုင်းအတာပြည့်မီမှန်ကန်စေရေး၊ ပွဲကြည့်စင် တည်ဆောက် ပေးနိုင်ရေး၊ အများသုံး(၆)ခန်းတွဲသန့်စင်ခန်း တည်ဆောက်ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့တွင် အများပြည်သူ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကန်သာယာကန်ပတ်လမ်းတွင် လူသွားလျှောက်လမ်း ဆောင်ရွက်ပြီးစီးမှုနှင့် အလျား ၁၈၅၀ ပေခန့်ရှိ မြေသားဖို့ လူသွား လျှောက်လမ်း ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း တို့ကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက်မည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အများပြည်သူ ကိုယ်လက်လှုပ်ရှား လမ်းလျှောက် လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး ဘားအံမြို့၊ သီရိကွင်းပတ်လမ်း အရှည် ၃၃၀၀ ပေခန့်နှင့် အကျယ် ၄ ပေ၊ ထု ၄ လက်မရှိ ကွန်ကရစ်လူသွားလျှောက်လမ်း ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲ ၂ နာရီခန့်တွင် ကရင်သက္ကရာဇ်(၂၇၆၁)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ရာ နေရာဒေသများတွင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အခြားသော အခမ်းအနားများထက် ပိုမိုသာလွန်ကောင်းမွန်အောင် ကျင်းပဖို့လိုအပ်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျဖြင့် ရိုးရာယဉ်ကျေးမှုအစဉ်အလာအတိုင်း ကျင်းပသွားမည်ဖြစ်ပြီး ကရင်အမျိုးသားအလံတင်အခမ်းအနား၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနား၊ ကောက်သစ်စားပွဲနှင့်ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကရင်နှစ်သစ်ကူးနေ့ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး အခမ်းအနားပြင်ဆင်ရေးအထောက်အကူပြု လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆို နေရာချထားရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ဧည့်ခံ ကျွေးမွေးရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ မှတ်တမ်းထိန်းသိမ်းရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြု လုပ်ငန်းကော်မတီ၊ ပြခန်းအထောက်အကူပြုကော်မတီ၊ ပျော်ပွဲရွှင်ပွဲ အထောက်အကူပြုကော်မတီ များက သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment