မြစ်ကြီးနား၊ နိုဝင်ဘာ ၂၆
ကချင်ပြည်နယ်အဆင့် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝိုင်းမော် မြို့နယ် အတွင်း စိန့်ဂျိုးဇက် IDPs စခန်းမှ အိမ်ထောင်စု(၃၃)စုတို့အား ဆွတ်ကြိုင် နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့မှုများဆောင်ရွက်ခြင်းကို ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများက ဆောင်ရွက် ခဲ့ကြသည်။
ရှေးဦးစွာ နံနက် (၉)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပန်းခင်းစီမံ ချက်ဖြင့် မြန်မာနိုင်ငံသားတိုင်းရင်းသားနှင့် ဥပဒေအရနိုင်ငံသားအားလုံးကို နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ပေးခဲ့ရာ ကတ်ပြားပေါင်း(၃၄၂၀၇) ကတ် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဆောင်ရွက်ပေးရမည့် ဦးရေနှင့် နှိုင်းယှဉ်ပါက ၁၆.၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ယခုအခါ မြို့ပေါ်ရပ်ကွက်များတွင် စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ် ၁၂ မြို့နယ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန် မြို့နယ် များတွင်လည်း မကြာခင်ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်သည့်အတွက် မြို့ပေါ် ရပ်ကွက်များပြီးစီးပါက မီးရထား/ ကားလမ်းမ တစ်လျှောက်ရှိ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကွင်းဆင်း ဆောင်ရွက်ကြမည့်အဖွဲ့များအနေဖြင့် လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါကို အထူးဂရု ပြုလုပ်ကိုင် ဆောင်ရွက်ကြရေးနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များကလည်း ထိထိရောက်ရောက် ပူးပေါင်းပါဝင်စေပြီး မိမိတို့ ရပ်ရွာတွင်ရှိသည့် ပြည်သူလူထုမဲပေးချိန်တွင် အဆင်သင့်မဲပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပန်းခင်းစီမံချက်ဖြင့် ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ မြို့နယ်(၁၈) မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများ၊ စီမံချက်လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခဲ့မှုများနှင့် လုပ်ငန်း လိုအပ်ချက်များ၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ရာ စီမံချက်အကောင်ဖော်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကော်မတီ အလိုက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် ရှင်း လင်းဆွေးနွေးကြခဲ့သည်။
ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်သည် နိုင်ငံတော်စီမံ ချက်ဖြစ်သည့်အပြင် စီမံချက်အောင်မြင်ရေး နိုင်ငံတော်အကြီးအကဲ၏ အကြိမ်ကြိမ် လမ်းညွှန်မှာကြား ချက်များအပေါ် အလေးအနက်ထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဝိုင်းမော်မြို့ နယ်၊ မိုင်းနားကျေးရွာ မိုင်းနားစိန်ဂျိုးဇက် RC IDPs စခန်းမှ အိမ်ထောင်စု(၃၃)စု တို့အား ဆွတ်ကြိုင်နယ် မြေ(မိုင်းနားကျွန်းတော)ကွက်သစ်သို့ ပြောင်းရွှေ့နေရာချ ထားပေးသည့် အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ကတ်သလစ် ဘုန်းတော်ကြီးလဆိုင်းတို့က အိမ်ထောင်စုများ ပြောင်းရွှေ့နေရာချထားပေးသည့် ဆွတ်ကြိုင်ကွက်သစ် အဝင်မုဒ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် အိမ်ထောင်စုများ ပြောင်းရွှေ့နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေ ဖြင့် နေရပ်စွန့်ခွာပြည် သူများသိက္ခာရှိစွာ နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ ပြောင်းရွှေ့ နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု(၃၃)စုတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၁၀ သိန်းအပါအဝင် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ငွေကျပ် ၈၅၃၂၀၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာ(၁)လစာ ဆန်အိတ် ၆၀ ကျော်၊ ဆီနှင့်ကုလား ပဲ ၆၆ ပိဿာစီ၊ ဆား ၃၃ ပိဿာနှင့် ပြောင်းရွှေ့စရိတ် (၁)အိမ် ထောင်လျှင် ငွေကျပ် ၁ သိန်းနှုန်း ဖြင့် စုစုပေါင်း ၃၃ သိန်း၊ (၂၁)မျိုးပါ ကယ်ဆယ်ရေး ပစ္စည်းပုံး ၃၃ ပုံးနှင့် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ငွေကျပ် ၃၀၃၆၀၀၀ တန်ဖိုးရှိ တာပေါ်လင် ၃၃ ချပ်၊ Hygienekit နှင့် Shatter Tookit (၃၃) ပုံးစီတို့ကို အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှ ကေသီမာကဝန်ကြီးဌာနမှ နေရပ်စွန့်ခွာပြည်သူများအတွက် ပြောင်းရွှေ့ နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးနေမှုများ ကို လည်းကောင်း၊ ကတ်သလစ်အသင်းတော် မြစ်ကြီးနားဆရာတော် တပိုင်နယ်တာဝန်ခံ ဘုန်းတော်ကြီး ဂေါ့လိုယုံဝါက ပြောင်းရွှေ့ ပြည်သူများအား ခွန်အားပေးခြင်းဖြင့် လည်းကောင်း၊ ပြောင်းရွှေ့ပြည်သူများကိုယ်စား ဦးလဇာနော်အောင်က ကျေးဇူးတင် စကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။
ယင်းနောက် ဆွတ်ကြိုင်ကွက်သစ်ပြောင်းရွှေ့နေထိုင်မှုအတွက် ဆုတောင်း ဆက်ကပ် ခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုကျူးဧခြင်း၊ ကျမ်းစာဖတ်ခွန်အားပေးခြင်း၊ ဓမ္မဒေသနာ တော် ဟောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment