နောင်ချို၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ မြို့နယ်ခန်းမ၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများကို နိုဝင်ဘာ (၂၃) ရက်နေ့နှင့် (၂၄) ရက်နေ့များတွင် နံနက်(၉) နာရီအချိန်မှ နေ့လယ် (၂) နာရီအချိန်ထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသောဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများမှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံလာရောက်သူများကို သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ထွေးငယ်၊(ပြန်/ဆက်)
No comments:
Post a Comment