ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်



နေပြည်တော်၊ ဒီဇင်ဘာ ၄

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဖွဲ့စည်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ခရီးသွားလုပ်ငန်းသည် အခြေခံအားဖြင့် ဝန်ဆောင်မှုပေးရသော လုပ်ငန်းဖြစ်သည့်အပြင် ကျယ်ပြန့်နက်နဲသော သဘောသဘာဝ ရှိကြောင်း၊ ထို့ပြင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝအရင်းအမြစ်၊ ယဉ်ကျေးမှုအမွေအနှစ်များ ကိုပါ ထိန်းသိမ်းရာတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများအတွက်ပါ ကြိုတင်မျှော်တွေးပြီး စီမံကိန်းများ၊ စီမံချက်များ ရေးဆွဲရာတွင် နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ရေးဆွဲထားသော လေ့လာချက်များနှင့်အညီ ထည့်သွင်းတွက်ချက် ထားရန်လိုအပ်ပါကြောင်း။

ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးပြင်ဆင်ကြရာ၌ ဝန်ကြီးဌာနနှင့် နိုင်ငံတကာမှ လေ့လာထားရှိသည့် အချက်များကိုပါ ထည့်သွင်းစဉ်းစားပြီး တင်ပြဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အပိုင်း ထည့်သွင်းစဉ်းစား ကြရာတွင် စီးပွာရေးကဏ္ဍတစ်ခုတည်းအတွက်သာမက လူမှုအသိုက်အဝန်း တစ်ခုလုံး တိုးတက်ရေး အတွက်ကိုပါ လွှမ်းခြုံနိုင်သော အစီအမံကောင်းများ ပေါ်ထွက်လာရေးအတွက် ခြုံငုံသုံးသပ်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက၊ အစိုးရ၊ ပြည်သူအားလုံး ပူးပေါင်း၍ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့ ဖွဲ့စည်းနိုင်ရေး အခြေအနေနှင့် ဆက်စပ်သော လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်က နိုင်ငံတကာတွင် ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့များ ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ၎င်းဘုတ်အဖွဲ့များမှ ဆောင်ရွက်နေသာ လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဖွဲ့စည်းရာတွင် ပုဂ္ဂလိကအခန်းကဏ္ဍပါဝင်မှုနှင့် ဖွဲ့စည်းတည်ထောင်လိုသော ရည်ရွယ်ချက်များ၊ လိုအပ်ချက်များ၊ အကောင်အထည်ဖော်ရန် လျာထားပြင်ဆင်ချက်များကို ဆွေးနွေး တင်ပြပြီးနောက် ဥပဒေနှင့် မူဝါဒပိုင်းဆိုင်ရာကိစ္စရပ် များ၊ ဘုတ်အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေးနှင့် ဘုတ်အဖွဲ့ဖွဲ့စည်းပုံ စသည့် ခေါင်းစဉ် (၄) ခု ကို အဖွဲ့ (၄) ဖွဲ့ခွဲကာ တက်ရောက်လာကြသူများက  စားပွဲဝိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့(၄) ဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် Panel Discussion ပြုလုပ်ကြသည်။

ထို့နောက်  အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် ညွှန်ကြားရေးမှူး၊ ဦးဇေယျာမျိုးအောင်က အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Asian Ecotourism Network – AEN မှ ကြီးမှူး၍ တည်းခိုနေထိုင်မှုဆိုင်ရာ ကဏ္ဍအတွက် အာရှသဘာဝ အခြေခံခရီးသွားလုပ်ငန်း စံနှုန်းဆိုင်ရာ နည်းပြသင်တန်း “Training for the trainers for the Asian Ecotourism Standard for Accommodations -AESA” ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ယခု ဆရာဖြစ်သင်တန်းသို့  နိုင်ငံတကာမှ သင်တန်းသား သင်တန်းသူပေါင်း (၉၈) ဦး တက်ရောက်ကြပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းသင်တန်းသား (၂၉) ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)