ကျွန်းလှ၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အောက်တိုဘာလ ၁ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဗိုလ်မှူးဝင်းနိုင်ထွေးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် CDM အကြမ်းဖက်ခေါင်းဆောင် ၅၀၅-ကဖြင့် ဝရမ်းထုတ်ထားသည့် ဝရမ်းပြေး ရှေ့နေထွန်းထွန်းနိုင်မှာ လွတ်မြောက်နေဆဲဖြစ်ပြီး အကြမ်းဖက်သမားများအတွက် ရန်ပုံငွေ ကောက်ခံမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဗိုလ်မှူးဝင်းနိုင်ထွေး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "ဗိုလ်မှူးမသေခင် ရက် (၂၀)လောက်က ၅၀၅-က နဲ့ ဝရမ်းထုတ်ထားတဲ့ ရှေ့နေထွန်းထွန်းနိုင်တို့ လင်မယားက သူ့အမှုရုပ်သိမ်းပေးဖို့ကို သိန်း ဘယ်နှရာ ပေးပြီး ဝင်လိုက်လဲ မသိဘူး။ စခန်းမှူးကို လာညှိတာ။ စခန်းမှူးက အဲဒီလိုဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးတွေကို မင်းတို့ လက်မှတ်ထိုးတဲ့။ သူ့ကို ပြန်ထားရအောင်ဆိုပြီးတော့ ပြောတော့ အဲဒီကောင်က CDM က ထောက်ပံ့ငွေတွေ ယူပြီး ပြေးနေတဲ့ကောင်ဆိုတော့ ရပ်ကွက် အုပ်ချုပ်ရေးတွေက လက်မှတ်မထိုးဘူး။ စခန်းမှူးက နိုင်သိန်း။ မင်းတို့ လက်မှတ်မထိုးရင် နေဆိုပြီး ဖမ်းရမယ့်သူကို မဖမ်းဘဲ ထွန်းထွန်းနိုင်တို့ လင်မယားကို ပြန်လွှတ်လိုက်တာ။ ဗိုလ်မှူးကို စခန်းမှူးက အဲဒီကောင်အတွက် ညှိပေးတာ။ သိန်း (၁၀၀၀) တပ်ကို ထောက်ပံ့ပါမယ် ဆိုတော့ ဗိုလ်မှူးက သိန်းတစ်ထောင်လည်း လက်မခံဘူး၊ သိန်းတစ်သောင်းလည်း လက်မခံဘူး။ သိပ်မကြာဘူး ဗိုလ်မှူးကို လာသတ်သွားတာ။ အဲဒါ စခန်းမှူး တရားခံ၊ စခန်းမှူးက တရားခံပြေးကို မိရဲ့သားနဲ့ ပြန်လွှတ်လိုက်တာ။ ထွန်းထွန်းနိုင်တို့ လင်မယားက ဇိမ်ခံကားနဲ့ လာပြီးတော့မှ သူ့ကိုလွတ်ငြိမ်းချမ်းသာ ပေးမယ်ဆိုရင် တပ်အတွက်လည်း သိန်းတစ်ထောင် ထောက်ပံ့ပါမယ်ဆိုပြီး လာညှိတာ။ စခန်းမှူးက ဗိုလ်မှူးနဲ့ မညှိရသေးဘူးဆိုပြီး ပြန်လွှတ်လိုက်တာ။ ဗိုလ်မှူးက လက်မခံတော့ ဗိုလ်မှူး လုပ်ကြံအသတ်ခံလိုက်ရတာပဲ။ စခန်းမှူး တရားခံပဲ" ဟု ဖြစ်ပေါ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုသည်။
အဆိုပါဒေသခံက "အရမ်းရင်နာဖို့ကောင်းတယ်ဗျာ။ ကျွန်တော် ငွေကြေးမတတ်နိုင်လို့ပါ။ အဲဒီ ကိစ္စကို သတင်းစာရှင်းလင်းပွဲ တက်ပြောချင်တာ။ ကျွန်တော် အသတ်ခံရမှာလည်း မကြောက်ဘူး။ အဲဒီကိစ္စ ဖော်ထုတ်နိုင်ရင် သေပျော်ပါပြီ" ဟု မြန်မာနေရှင်ပို့စ်သို့ ဆက်သွယ်ပြောဆိုသည်။
ထွန်းထွန်းနိုင် နှင့်ဇနီး တင်တင်ထွေး၊ အုပ်ချုပ်ရေးမှူးဟောင်း ထွန်းနိုင်စိုး ဇနီးမောင်နှံတို့က အကြမ်းဖက်အဖွဲ့ကို ဦးဆောင်နေပြီး ထွန်းထွန်းနိုင်သည် CDM အတွက် ထောက်ပံ့ပေးထားသည့် ငွေကျပ် သိန်ခြောက်ထောင်ကို CDM ဆရာ၊ ဆရာမများအား ပေးအပ်ခြင်းမရှိဘဲ သိမ်းပိုက်ရယူပြီးသွားပြီး ရဲနှင့် လာရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ ယခုအခါ သူ၏တပည့်ဖြစ်သူ ရှေ့နေဟန်ထွန်းဆိုသူအား ညွှန်ကြားခိုင်းစေပြီး ရွှေမှော်၊ ရေနံမှော်များမှ ရန်ပုံကောက်ခံရယူနေကြောင်း၊ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာသည့်အချိန်တါင် ရွှေမှော်ဖောင်များကို မီးရှို့ဖျက်ဆီးပစ်ကြောင်း၊ အကြမ်းဖက် လုပ်ငန်းများကို ဆက်လက်ဦးဆောင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်သည် NLD အစိုးရလက်ထက်တစ်လျှောက် ကျွန်းလှမြို့ပေါ်တွင် ကိုယ်ကျိုးရှား အမြတ်ထုတ်မှုများစွာ လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်တို့နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သမားများနှင့် ငွေကြေးရယူရန် ညှိနှိုင်းခဲ့သည့် စခန်းမှူး နိုင်သိန်းမှာ ကျွန်းလှမြို့နယ်မှ ပြောင်းရွှေ့သွားပြီး နေပြည်တော်တွင် ရောက်ရှိနေသည်ဟု သတင်းကြားသိရကြောင်း ဒေသခံများထံမှ သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment