နေပြည်တော်၊ ဒီဇင်ဘာ ၁၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) နှင့် ကုန်းလမ်းပို့ဆောင်ရေး၊ အခြေစိုက်အလုပ်ရုံ အမှတ် (၃) (မရမ်းကုန်း) တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး (မြင်သာ) သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့မှ ဌာနအကြီးအကဲများ၊ ဌာနအလိုက် တိုင်းအဆင့် တာဝန်ခံများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့အနေဖြင့် များပြားလာသော ယာဉ်စီးရေအရ ယာဉ်မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလိုင်စင်ကိစ္စ လုပ်ငန်း ပမာဏသိသာစွာ တိုးမြင့် လာခြင်းအတွက် ဝန်ထမ်းအင်အား လုံလောက်ရန် ထပ်မံဖြည့်ဆည်း နိုင်ရေးနှင့် လိုအပ်ပါက ဖွဲ့စည်းပုံ ပြင်ဆင်တိုးချဲ့နိုင်ရေးကို သုံးသပ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဌာနများ၏လျာထားချက်များကို လက်တွေ့အမှန် တကယ်စွမ်းဆောင်နိုင်မှုနှင့် ချင့်ချိန် သုံးသပ် တွက်ချက်ရန် လိုအပ်ပါကြောင်း၊ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့နေရသည့် ဝန်ထမ်းများအားလုံးကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ဆေး(၂)ကြိမ် ထိုးနှံပြီးစီးအောင် အလေးအနက်ထား စီမံကြရန်ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်နှင့် စွမ်းဆောင် နိုင်မှုများကို အခြေခံ၍ အနာဂါတ်၌ ဌာန၏လုပ်ငန်းတာဝန်များ ရေရှည် တိုးတက် အောင်မြင်စေ နိုင်ရေးအတွက် ပြန်လည်သုံးသပ်ပြင်ဆင် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ လုပ်ငန်းကိစ္စဖြင့် ရုံးဌာနများသို့ လာရောက်ကြသည့် ပြည်သူများ ပိုမိုအဆင်ပြေ ချောမွေ့စေရေး အတွက် လုပ်ငန်းကြာမြင့်ချိန် လျှော့ချနိုင်အောင် စီမံ၊ ကြပ်မတ်ပေးခြင်း၊ နားနေနိုင်မည့် နေရာများ စီစဉ် ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနစုပေါင်းခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဌာနများ အနေဖြင့် နိုင်ငံတော်အတွက် အခွန်ငွေနှင့် ဝင်ငွေများ ပိုမိုတိုးတက်ရရှိရေး စွမ်းဆောင်ကြရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေ များနှင့် ဝန်ထမ်းသစ္စာအဓိဌာန်(၆) ချက်တို့နှင့်အညီ လိုက်နာကျင့်ကြံ၍ တာဝန်ထမ်းဆောင် ကြရန် ဖြစ်ကြောင်း၊ ကိုဗစ် -၁၉ ကူးစက်ရောဂါ အန္တရာယ်ကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြဌာန်းထားသော သတ်မှတ် စည်းကမ်းများအတိုင်း လိုက်နာကြ ရန် လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေး၊ အခြေစိုက်အလုပ်ရုံအမှတ်(၃) ခန်းမဆောင်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင် နေသည့် ဌာန၏ဝန်ထမ်းများနှင့် တွေ့ဆုံ၍ဌာန၏ စွမ်းဆောင်မှုနှင့် စိတ်ဓာတ် မြှင့်တင်ရေး၊ အလုပ်ရုံ ဝန်ထမ်းများ၊ မော်တော်ယာဉ်များ လုံခြုံရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းမှု ရှိစေရေး၊ လုပ်ထုံး လုပ်နည်းများကို တိကျစွာ လိုက်နာစောင့်ထိန်း၍ မသမာမှုကင်းရှင်းရေး အလေးအနက်ထား ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနပိုင်အငှါးယာဉ်များ၊ အမောင်းသင်ယာဉ်များ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး၊ မော်တော်ယာဉ် များ ကြံခိုင်ရေးကို သတ်မှတ်ထားသည့် နည်းစနစ် အတိုင်းပုံမှန်စစ်ဆေး၊ မွမ်းမံ၊ ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်ရန်နှင့် ယာဉ်မောင်း သင်တန်း၏ လေ့ကျင့်သင်ကြားမှုကိစ္စတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment