တန်ဆောင်မုန်းလပြည့်နေ့ညနေတွင် ဖုန်းတစ်လုံး ဝင်လာသည်။ အရင်တုန်းက အပေါင်းအသင်းရဟန်းတစ်ပါးက ဆက်လာတာ ဖြစ်သည်။
အမေး - မယံ ဘန္တေ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ဒေမဆိုရင် ဘယ်သူရတုံး။
အဖြေ - ဘယ်လိုဘုရား။ ပြန်ရွတ်ပြပါအုံး။ (ပြန်ရွတ်ပြသည်။)
သမ္ပဒါန် မပါတာ။ အလှူခံသူမပါတာပေါ့။
အမေး - ဟုတ်တယ်။ ဆိုနေကျအတိုင်းဆိုရင် သံဃဿလို့ ပါရမှာ။ အခုက အဲဒီသံဃဿကို ချန်ထားခဲ့တာလေ။ ဘယ် သူကို လှူတာ ဖြစ်မလဲ။
အဖြေ - ကြံကြံဖန်ဖန်ဗျာ။ အလှူရှင်တွေက လာပင့်ကတည်း က သံဃာကို လှူဖို့ လာပင့်တာဆိုရင် သံဃာက ရမှာပေါ့။ ဂိုဏ်းကို/ ကျောင်းရှိရဟန်းသာမဏေအစုတစ်စုလုံးကို လှူဖို့ လာပင့်တာဆိုရင် ဂိုဏ်းက ရမှာပေါ့။ တစ်ပါးတည်း လာပင့် တာဆိုရင် အပင့်ခံရသူပုဂ္ဂိုလ်က ရမှာပေါ့။ လာပင့်ကတည်း က ကွဲပြားပြီးသားပါဘုရား။
အမေး - အခု ကထိန်အလှူဗျာ။ အလှူရှင်တွေကတော့ သံဃာ ကို လှူတာလို့ ပြောနေကြတာပဲ။ အဲဒါကို ကျုပ်တို့ကျောင်း ထိုင်က အခုနကလို သံဃဿ ချန်ထားပြီး အလှူခံတယ်ဗျ။ ရလာတာတွေကို ကျောင်းမှာ လာနေတဲ့ သူ့အမျိုးတွေကိုပဲ အကုန်ပေးတယ်ဗျ။ ကျုပ်တို့ကျောင်းရှိရဟန်းသာမဏေတွေက မရဘူး။
အဖြေ - ဟားဟား၊ ပိုင်လိုက်တာဗျာ။
အမေး - အဲဒါ မကျေမနပ် အသံတွေ ထွက်လာတော့ ကျောင်းထိုင်က သံဃဿ ဒေမလို့ အလှူခံလာတာမဟုတ်ဘူး။ ကိုယ် တော်တို့သံဃာတွေနဲ့ မဆိုင်ဘူးလို့ ပြန်ပြောတယ်ဗျ။
အဖြေ - ဘုရား ဘုရား။ အဲဒါဆိုလည်း အလှူခံကြွတဲ့အခါ သူ့အမျိုးတွေကို သူနဲ့အတူ ထိုင်ခိုင်းပြီး အလှူခံခိုင်းပေါ့လေ။ ဘယ်သူက လှူမှာတုံး။ ရိုက်တောင်သွားလိမ့်အုံးမယ်။ ဒါက လူလည်ကျတာသက်သက်ပါဗျာ။
ဘုန်းကြီးက ဘုန်းကြီးလည် လည်ရတယ်။ အခုက ဘုန်းကြီး က လူလည်လည်တာ။ ဘုန်းကြီးက လူလည်လည်ရင် အပါယ်စာ ဖြစ်တတ်တယ်တဲ့။ ဒီလောက်မှ အသိဉာဏ် မရှိတဲ့ဘုန်းကြီး နွားဖြစ်မှာပါဘုရား။
အမေး - သူ နွားဖြစ်တာက နောက်မှ။ အခု လောလောဆယ် ကျုပ်တို့က နွားဖြစ်နေတာ ဟုတ်ဘူးလား။ အဲဒီအလှူအတွက် အလှူမြောက်ရဲ့လား။ အလှူရှင်တွေမှာ ကုသိုလ်ရရဲ့လား။
အဖြေ - အလှူမြောက်မမြောက်ကတော့ အဘိဓမ္မာနည်း ဝိနည်းနည်းလို့ ရှိတယ်။ အဘိဓမ္မာနည်းအားဖြင့် အလှူရှင် တွေမှာ လှူမယ်လို့ စိတ်ကူးကြံစည်ဆုံးဖြတ်ချိန်မှ စပြီး ဒါန ကုသိုလ်ဖြစ်တယ်။ အလှူမြောက်တယ်ပေါ့ဗျာ။ စိတ်ကူး ကြံစည်ဆုံးဖြတ်တဲ့အတိုင်း တကယ်လှူဖြစ်ဖို့တော့ လိုတယ်။ တကယ်လှူချိန်မှာကျတော့ မုဉ္စစေတနာ ဖြစ်တယ်။ လှူုပြီး နောက် သတိရချိန်တိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်ချိန်တိုင်းမှာ အပရစေတနာ ဖြစ်တယ်ပေါ့။ ပုဗ္ဗ မုဉ္စ အပရ စေတနာ သုံးတန် ဒါနသုံးဆင့် ကုသိုလ်ရတာချည်းပဲ။ ဒါနမြောက်တာ ချည်းပဲ။
ဝိနည်းနည်းကျတော့ ဣဒံ တုယှံ ဒေမိလို့ လှူတယ်ဆိုရင် ဣဒံက လှူဖွယ်ကို ပြတာ။ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ တုယှံက သမ္ပဒါန် အလှူခံပုဂ္ဂိုလ်ကို ပြတာ။ အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ ဒေမိက ကတ္တား အလှုူူရှင်ကို ပြတာ။ အင်္ဂရပ် တစ်ခု ဖြစ်ပါတယ်။ အင်္ဂါ သုံးချက် ပြည့်စုံမှ ဒါနမြောက် တယ်။ သုဒိန္န ဖြစ်တယ်။ သုင္ဂဟိတ ဖြစ်တယ်။ အဲဒါကြောင့် ဣဒံ တုယှံ ဒေမိလို့ ရွတ်ဆိုပြီး လှူရမယ်လို့ လာရှိတယ်။ ဣဒံ တုယှံ ဒေမလို့ ရွတ်ဆိုလို့ ရတယ်။ အဲဒါက ပုဂ္ဂလိက လှူတာ။ ဣဒံ သံဃဿ ဒေမိ/ ဒေမလို့ ရွတ်ဆိုလို့ ရတယ်။ ဒါက သံဃိကလှူတာ။ ဣဒံ ဂဏဿ ဒေမိ/ဒေမလို့ ဆိုနိုင် တယ်။ ဒါက ဂဏိကလှူတာ။ ဒီလိုလာရှိတဲ့ ဝိနည်းနည်းအရ ဆိုရင် အလှူခံပုဂ္ဂိုလ် သမ္ပဒါန်ကို ပြတဲ့ သံဃဿပုဒ်ကို ချန်ထားပြီး မယံ ဘန္တေ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ဒေမလို့ ဆိုပြီး လှူတာဟာ အလှူမမြောက်ဘူး။ ဘယ်သူမှ ရပိုင်ခွင့်မရှိဘူး။
အမေး - အဲဒါ သိချင်တာလေ။
အဖြေ - အဲဒါ သိချင်မနေနဲ့။ သမ္ပဒါန်ဆိုတာက ဝတ္ထု ပဋိဂ္ဂါဟကလက္ခဏာဆိုတဲ့အတိုင်း လှူဖွယ်ပစ္စည်းကို လက်ခံ ရယူနိုင်တာကို ဆိုလိုတာ။ အဲဒါ မပါလည်း အလှူက မြောက် တာပါပဲ။ ဘုရားကို လှူတာ စေတီကို လှူတာတွေဆိုရင် ဘုရားရုပ်ပွားမှာ ဝတ္ထု ပဋိဂ္ဂါဟကလက္ခဏာ မရှိပါဘူး။ စေတီ မှာ ဝတ္ထု ပဋိဂ္ဂါဟကလက္ခဏာ မရှိပါဘူး။ သက်ဆိုင်ရာ ဂေါပကတွေက လက်ခံရယူသွားပြီး သိမ်းထားပေးရတယ်။ ပစ္စည်းကတော့ ဘုရားပစ္စည်းပဲ။ ဘုကားပိုင်တာပဲ။ စေတီ ပစ္စည်းပဲ။ စေတီပိုင်ပဲ။ ဂေါပကက မပိုင်ဘူး။ ဂေါပကပစ္စည်း မဖြစ်ဘူး။
အမေး - အဲဒါဆိုရင် သမ္ပဒါနလက္ခဏာဆိုတာက ဘယ်လိုလဲ။
အဖြေ - အလှူရှင်က သံဃာကို လှူတာဆိုရင် သံဃဿလို့ ဆိုဆို မဆိုဆို သံဃာပိုင်ပစ္စည်းပဲ။ ဂိုဏ်းကို လှူတာဆိုရင် ဂိုဏ်းပိုင်ပစ္စည်းပဲ။ ပုဂ္ဂိုလ်ကို လှူတာဆိုရင် ပုဂ္ဂိုလ်ပိုင်ပစ္စည်း ပဲ။ အခု ကထိန်ကတော့ သံဃာကို လှူတာချည်းဆိုတော့ သံဃိကပစ္စည်းပဲ ဖြစ်မှာပေါ့။
သံဃိကပစ္စည်းကို သံဃိကသုံးနည်းအတိုင်း သုံးရတယ်။ ပုဂ္ဂိုလ်အသီးသီး ခွဲဝေပေးပြီးရင် ပုဂ္ဂလိကပစ္စည်း ဖြစ်သွား တယ်။ မခွဲဝေဘဲ ထားရင် သံဃိကပစ္စည်းပဲဆိုတော့ သုံးသူ က ရိုရိုသေသေ သုံးရတယ်။ သူ့ကြောင့် ပျက်စီးသွားရင် ဘဏ္ဍာစားပြန်ထည့်ပေးရမယ်။ ဂိုဏ်းပိုင်ဆိုရင်လည်း အဲသလိုပါပဲ ခွဲဝေလိုက်ရင် ပုဂ္ဂလိကဖြစ်သွားမယ်။ မခွဲဝေဘဲ ထားရင် ဂိုဏ်းက သုံးစွဲခွင့်ပြုသူကသာ သုံးလို့ရတယ်။ သူ့ ကြောင့် ပျက်စီးသွားရင် လျော်ပေတော့ပဲ။ စာလိုကတော့ ဘဏ္ဍဒေယျတဲ့။ ဘဏ္ဍာစားပြန်ထည့်ပေးရတယ်။ ပုဂ္ဂလိက ပစ္စည်းဖြစ်ရင်တော့ သက်ဆိုင်သူပိုင်ရှင်က ကိုယ်တိုင် သုံးသုံး၊ လှူလှူ၊ ပေးပေး လုပ်ချင်တိုင်း လုပ်ပိုင်ခွင့်ရှိတယ်။ မပေးထိုက်သူကို ပေးရင်တော့ သဒ္ဓဝိနိပါတနဒုက္ကဋ်အာပတ် သင့်တယ်။ သဒ္ဓဝိနာသန=အလှူရှင်တွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးမှုလို့ ဆိုတာပေါ့။
အမေး - အခု ပြဿနာမှာ သံဃိကပစ္စည်းတွေကို ရဟန်း သာမဏေတွေကို မပေးဘဲ သူ့အမျိုးတွေကို ပေးတဲ့ ကျောင်း ထိုင်ဘုန်းကြီး ဘာအာပတ်သင့်တုံး။
အဖြေ - ဒါက မျက်နှာပြောင်တိုက်ပြီး ခိုးယူတာ လုယူတာ ဓားပြတိုက်တာ အနုကြမ်းစီးတာပါ။ ဒါပေမဲ့ သံဃိကပစ္စည်း ကို ခိုးခြင်းကြောင့် ပါရာဇိကအာပတ်မသင့်ပါဘူးတဲ့။ ကျောင်းထိုင်ဘုန်းကြီးမှာ ဘဏ္ဍာစားထိုက်တာပဲ ရှိမယ်။ အလှူရှင်တွေက သိသွားရင်၊ သဒ္ဓါတရား ပျက်သွားမယ် ဆိုရင်တော့ သဒ္ဓဝိနိပါတနဒုက္ကဋ်အာပတ်သင့်မယ်။ ဘဏ္ဍာစားဆိုတာက ပြန်မပေးမချင်း ဘယ်တော့မှ မကျေဘူး။ မပျောက်ဘူး။ ခိုးမှုက ခိုးမှုပဲ။ ခိုးသူဟာ သူခိုးပဲ။ လုယူသူဟာ လုယူသူပဲ။ သူခိုးဓားပြပဲ။ အဘိဓမ္မာနည်းအရ အကုသိုလ်အပြစ်ကတော့ ကြီးတယ်။ ဒုစရိုက်မှု ကျူးလွန် တာကိုး။ သာသနာဖျက်မှုအထိ အပြစ်ကြီးနိုင်တယ်။ သဒ္ဓဝိနိပါတနမှာ အလှူရှင်တွေက အဲဒီကျောင်းထိုင်ကိုသာ သဒ္ဓါတရား ပျက်သွားတာဆိုရင်တော့ သူ့ကို နောက်နောင် မပင့်တော့ဘူး။ မလှူတော့ဘူးပေါ့။ အဲသလိုမဟုတ်ဘဲ ရဟန်းသာမဏေအားလုံး သံဃာတွေအပေါ် သဒ္ဓါတရား ပျက်သွားရင်တော့ ဘုန်းကြီးတွေက ဒီလိုတွေချည်းပဲလို့ ထင်မှတ်သွားပြီး သဒ္ဓါတရား ပျက်သွားရင်တော့ သာသနာ ဖျက်မှု မြောက်သွားပါပြီ။
အမေး။ ကျုပ်တို့ဘုရားသာသနာကတော့ ပျက်နေပါပြီဗျာ။ အဖျက်ခံနေရပါပြီဗျာ။ အလှူရှင်တွေက အခုကထိန်ကိစ္စကို သိသွားကြတယ်။ သူတို့လှူတာ ဒါနမှ မြောက်ရဲ့လား ကုသိုလ်မှ ရရဲ့လားလို့ ကျုပ်ကို လာမေးကြတယ်ဗျ။
အဖြေ။ ဒါနမြောက်ပါတယ်။ ကုသိုလ်ရပါတယ်လို့။ အဲသလိုပဲ ဖြေရမှာပါဘုရား။ အပရစေတနာတော့ မဖြစ်နိုင်လောက် တော့ဘူး။ လူတွေက ရဟန်းသာမဏေတွေကို လှူတာမှာ ပုဂ္ဂလိက လှူတာတောင် သြော် ဘုရားသာသနာအတွက် အလုပ်လုပ်နေကြတာပဲလို့ သံဃာ့ဂုဏ်ကို သိမှတ်ပြီး လှူကြတာပါဗျာ။ သာသနာဝန်ထမ်းမဟုတ်ဘဲ ရဟန်းသာမဏေမဟုတ်ဘဲ ပုဆိုးဝတ် ထမီဝတ် ဆံပင်ရှည် ဖင်သရမ်း လူသားတစ်ယောက်ကို ဘယ်သူက လှူမှာတုံး။ ဘယ်သူကမှ မလှူဘူးဗျ။ နောက်တစ်ခါ ရပ်ကွက်ထဲမှာ သံဃာငါးပါး ပင့်တာမျိုး ရှိရင် ဘုန်းကြီးအမျိုးဆိုတဲ့ လူတွေကို လွှတ် လိုက်လေ။ သံဃာအတွက် ပြင်ထားတဲ့နေရာမှာ ထိုင်ခိုင်း ကြည့်လိုက်လေ။ ရိုက်မလွှတ်လိုက်ရင် ကံကောင်းတယ် မှတ်ပေတော့။ ဘုန်းကြီးအမျိုးတွေကတော့ သူတို့ဘုန်းကြီး က ပေးတာဆိုပြီး ပျော်ပျော်ကြီး သုံးနေကြမှာပဲ။ သူတို့သုံး နေတာက သူတို့ဘုန်းကြီးဟာ မဟုတ်ဘူး၊ သံဃိကပစ္စည်း တွေ ဖြစ်နေတယ်၊ သူတို့ဘုန်းကြီးက သူခိုး၊ သူတို့က ခိုးရာ ပါပစ္စည်းကို ခိုးထုပ်လက်ခံသူ ကြံရာပါတွေ ဖြစ်နေပြီဆိုတာ သိကြမယ် မထင်ဘူး။
အမေး။ ဘုရားပစ္စည်း ငရဲမီး၊ သံဃာ့ပစ္စည်း အဆိပ်သီးလို့ ရှိတယ်မဟုတ်လား။ ဘုန်းကြီးအမျိုးတွေလည်း အပြစ်ဖြစ် တာပေါ့။
အဖြေ။ မဖြစ်ဘဲ နေမလား။ ကျောင်းရှိရဟန်းသာမဏေတွေ က ငါတို့ရမှာလို့ သုံးချင်လို့ ခွဲဝေပေးတာကို စောင့်မျှော်ထား တာ။ သူတို့က ဝင်ယူသွားတာ။ ဒီဘဝလည်း ဒုက္ခရောက်မှာ ပါ။ နောက်ဘဝကျ ငရဲကျပြီးတဲ့အခါ ပြိတ္တာဖြစ်မှာပဲ။
ဖော်ပြပါအတိုင်း မေးသည့်ကိစ္စအတွက် ဖြေလိုက်ရပါသည်။ အလှူရှင်တွေကို ပြချင်သည့်အတွက် ပို့စ်တစ်ခု ရေးပေးပါဟု တောင်းဆိုသွားသေးသည်။ အလှူရှင်တွေမှာ ကုသိုလ်ရပါသည်။ ဒါနမြောက်ပါသည်။
နောင်အခါ နာအခေါင်
ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်။
ထိုဘုန်းကြီးမျိုးကို ပင့်ဖိတ်လှူဒါန်းပြီး သတိရချိန်၌ ဝမ်းမြောက်ဝမ်းသာ မဖြစ်ရဘဲ မကျေမနပ် ဖြစ်နေရမယ် ဆိုရင် ကုသိုလ်ရတာထက် အကုသိုလ်ရတာက ပိုများလာ နိုင်ပါတယ်။ အကုသိုလ်ဖြစ်တဲ့အထိ သဒ္ဓါတရား ပျက်ရပြီ ဆိုရင်တော့ အဲဒီဘုန်းကြီးမျိုးကို နောက်ထပ်နောက်ထပ် ပင့်ဖိတ်လှူဒါန်းသူကိုယ်တိုင် သာသနာဖျက်သူအဖြစ် ပူးတွဲ တရားခံ အမှုတွဲ ဖြစ်လာနိုင်သည်။
အောင်မြိုင်(မစိုးရိမ်စာသင်သား)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment