မျိုးဆက်သစ် မျိုးချစ်သမီးပျိုနှစ်ဦး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးဆက်သစ် မျိုးချစ်သမီးပျိုနှစ်ဦး







ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်က ဆရာတော်ဦးဝါသဝ နဲ့ အဆက်အသွယ်မပြတ် ရှိပါတယ်။ ဒီရက်ပိုင်းမှာတော့ ဖုန်းမဆက်ဖြစ်၊ စကားမပြောဖြစ်ကြတာ ကြာပါပြီ။ ဒီနေ့ပဲ ဆရာတော် ထံက ဖုန်းဆက်လာပါတယ်။

ဆရာတော်ဦးဝါသဝ က ဝမ်းမြောက် ဝမ်းသာ ဖုန်းဆက်လာခြင်းဖြစ်ပါတယ်။ ဆရာတော်ကျောင်းမှာ ၂၀၂၁ ခုနှစ်ကတည်းက PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်နေကြရတဲ့ ကျောင်းသား/ကျောင်းသူတွေ ရှိပါတယ်။ ဆရာတော့်ကျောင်းကို တိမ်းရှောင်ရောက်ရှိလာပြီး နစကအစိုးရက ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုရင်ပဲ ဆရာတော်က ကျောင်းသား/ကျောင်းသူများ ပညာရေး အဆက်မပြတ်ရအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါတယ်။ ပထမတစ်နှစ် အကြမ်းဖက်ဘေးအန္တရာယ်က တစ်ဖက်၊ ကျောင်းမှာ တိမ်းရှောင်ရောက်ရှိနေသူတွေရဲ့ စားဝတ်နေရေးအခက်အခဲက တစ်ဖက် ဖြစ်နေတဲ့အတွက် ကျောင်းသား ကျောင်းသူတွေကို ဆရာတော်ဦးဝီရသူ ဖွင့်လှစ်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီမှာ တစ်နှစ်လာထားခဲ့ရပါတယ်။

နောက်နှစ်တွေမှာတော့ ကန့်ဘလူမှာပဲ ကျောင်းပြန်ထားလို့ ရပြီဖြစ်တဲ့အတွက် ကျောင်းသား/ကျောင်းသူတွေကို ပြန်ခေါ်ပြီး ကန့်ဘလူမှာပဲ ကျောင်းတက်စေခဲ့ပါတယ်။ အခက်အခဲ အကြပ်အတည်းကြားမှာ ပညာကို တကယ်လိုလားတဲ့ ကျောင်းသား/ကျောင်းသူတွေ ကလည်း တကယ်ကို ကြိုးစားကြပါတယ်။

ဒီကနေ့ ဆရာတော် ဖုန်းဆက်လာတဲ့အကြောင်းကတော့ ဆရာတော့်ကျောင်းက ကျောင်းသူတွေ ကဗျာ၊ စာစီစာကုန်း ဆုရရှိတဲ့အတွက်ကြောင့် ဝမ်းမြောက် ဝမ်းသာ ဖုန်းဆက်လာခြင်းပဲ ဖြစ်ပါတယ်။ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကန့်ဘလူမြို့နယ်လုံးဆိုင်ရာ ကဗျာပြိုင်ပွဲမှာ ဆရာတော်ဦးဝါသဝ ရဲ့ တပည့် Grade-11 ကျောင်းသူ မနှင်းနဒီထွန်း က (ကဗျာ ပထမဆု) ရပါတယ်။ သမီးလေး ရဲ့ မိခင် ဒေါ်မိုးသူဇာ ဟာ ဆရာတော်နဲ့အတူ KIA, PDF အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး၊ ရပ်ရွာများမှာ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး လိုက်လံ စည်းရုံးဟောပြောရာမှာ ကူညီဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်လုံးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲမှာ ပထမဆု ရတဲ့ သမီးလေးကတော့ Grade-12 ကျောင်းသူ မကေသီဦး ဖြစ်ပါတယ်။ သမီးလေးရဲ့ ဖခင်ဟာ KIA, PDF အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်တိုက်ပွဲမှာ မြင့်မြတ်စွာ အသက်ပေးခဲ့ရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

Grade-11 ကျောင်းသူ မနှင်းနဒီထွန်းရဲ့ ကဗျာ ခေါင်းစဉ်က (ဘိုးဘွားပေးဝေ၊ ချစ်အမွေ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ကဗျာဟာ မျိုးချစ်စိတ်နဲ့ ဇာတိမာန်ကို နိုးထစေတဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ကဗျာလေး တစ်ပိုဒ် ကို ကောက်နှုတ် တင်ပြရင် -

ကိုလိုနီနှင့် ဖက်ဆစ်မကျန်

တို့ပြည်ရန်ကို၊ ကိုယ်ကျိုးမဖက်

လွတ်လပ်ဖို့ရန်၊ မျှော်ရည်သန်စွာ

ပြည့်ဝနှလုံး၊ ခိုင်လက်ရုံးဖြင့်

သက်စွန့်ကြိုးပမ်းခဲ့လေသည်။

လွတ်လပ်ရေးရဲ့ အနှစ်သာရကို ပေါ်လွင်စွာ ရေးဖွဲ့နိုင်တဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။

Grade -12 ကျောင်းသူ မကေသီဦး ရေးဖွဲ့ထားတဲ့ စာစီစာကုံးကတော့ (သူ့ကျွန်မခံ၊ ဇာတိမာန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ အညီ "အမျိုး ဘာသာ သာသနာအတွက် အသက်ကိုစတေးကာ တိုက်ပွဲဝင်ခဲ့ကြသော မျိုးချစ်ခေါင်းဆောင်ကြီးများသည် ဆူးကိုမွေ့ယာ၊ မြေလွှာသင်ဖြူးအမှတ်ဖြင့် မိသားစုဘဝကို မျက်ကွယ်ပြုခဲ့ကြရလေသည်။ သူ့ကျွန်မခံလိုသောစိတ်ဖြင့် အသက်၊ သွေး၊ ချွေးတို့ကို စတေးကာ လွတ်လပ်ရေးဗိမာန်ကြီးကို တည်ဆောက်ပေးခဲ့ကြလေသည်။" ဆိုတဲ့ ဖွဲ့နွဲ့မှုပုံစံက လှပသေသပ်လွန်းပါတယ်။

မျိုးဆက်သစ် သမီးငယ်နှစ်ဦးရဲ့ ရေးဖွဲ့သီကျူးမှုတွေကို ကြည့်ခြင်းအားဖြင့် သူတို့ရင်ထဲက အမျိုးသားရေးအသိကိုလည်း အထင်းသာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ ပညာရေးခရီးလမ်းကို လွယ်ကူစွာ ဖြတ်သန်းခဲ့ကြရသူတွေတော့ မဟုတ်ပါဘူး။ အခက်အခဲ အကြပ်အတည်းများကြားကနေ ကြိုးစားရုန်းကန်ခဲ့ကြရတဲ့ သူတွေပါ။ 

ဒီအရပ်ဒေသမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး အကြမ်းဖက်သမားတွေရဲ့ ဒုက္ခပေးမှုကြောင့် အတိဒုက္ခရောက်ခံကြရတဲ့ မိသားစုဝင်များထဲက သမီးငယ်များပဲ ဖြစ်ပါတယ်။ ပတ္တမြားမှန်လျင် နွံမနစ်သကဲ့သို့ သမီးငယ်တို့ရဲ့ ပညာကို လိုလားတဲ့စိတ်နဲ့ အခက်အခဲအကြပ်အတည်းများကြားက ကြိုးစားရုန်းကန်ခဲ့ကြသူတွေ ဖြစ်လို့ ဂုဏ်ပြုဖော်ပြလိုက်ရခြင်းဖြစ်ပါကြောင်း ။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)