နေပြည်တော်၊ ဒီဇင်ဘာ ၂၉
(၃၃)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီက အဖွဲ့အစည်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနနှင့် ပညာရေး (Research & Education) ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးကြောင်း၊ မြန်မာ့သစ်တောမူဝါဒတွင် “သစ်တောထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်မှုကို အသိအမှတ်ပြုရေး” ကို အထူးအလေး ပေးဖော်ပြထားကြောင်း၊ သစ်တော သယံဇာတများ ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုသယံဇာတ များကို ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဘဲ စနစ်တကျ ထုတ်ယူသုံးစွဲပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့်ပြဿနာ၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင် ရန်အတွက် အသုံးချသုတေသန ( Applied Research) ကဏ္ဍသည် အရေးကြီးကြောင်း။
ယနေ့ ရင်ဆိုင်နေရသော သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့်အတွက် ယင်းပြဿနာအရင်းအမြစ်များကို ဖြေရှင်းနိုင်မည့် နည်းလမ်းသစ်များ၊ ချဉ်းကပ်မှုပုံစံသစ်များကို သုတေသနပြု လေ့လာဖော်ထုတ်ကြရမည့်အပြင် သဘာဝကို အခြေခံသည့် ဖြေရှင်းနည်းလမ်းများ (Natural based solution) ကိုလည်း သုတေသနပြု၍ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
သုတေသီများကလည်း ယနေ့ဆွေးနွေးအကြံပြုချက်များအပေါ် အခြေခံပြီး သက်ဆိုင်ရာ နယ်ပယ်၊ ကဏ္ဍအလိုက် သုတေသနအပိုင်းမှ ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြဿနာရပ်များကို လေ့လာမှတ်သားပြီး သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော သုတေသနစာတမ်းများနှင့် ပိုစတာများ ကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဒုတိယဝန် ကြီးနှင့်တာဝန်ရှိသူများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် သုတေသီများ တက်ရောက်ကြပြီး သုတေသနစာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ရေးရာဆိုင်ရာ သုတေသနစာတမ်း (၂၆) စောင်ဖတ်ကြားမည် ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment