ရန်ကုန်၊ ဒီဇင်ဘာ ၅
မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးအတွက် ရန်ပုံငွေ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ခွင့် ရရှိသည့်အပေါ် ဝမ်းမြောက်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံးက ဒီဇင်ဘာ၄ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
နော်ဝေနိုင်ငံသည် UNOPS က စီမံခန့်ခွဲ၍ နိုင်ငံတကာအလှူရှင်များ ပူးပေါင်းပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund) ၏ အလှူရှင်နိုင်ငံသစ် ဖြစ်ခဲ့ကြောင်း၊ရန်ပုံငွေ၏ အဓိကရည်မှန်းချက်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသော ပြည်သူများနှင့် ထိရှလွယ်သော ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် လူတိုင်း တန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိအောင် တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါရန်ပုံငွေကိုကြီးကြပ်သည့်အဖွဲ့သည် လူ့အခွင့်အရေးကို အခြေခံသော ချဉ်းကပ်မှုကို လိုက်နာကျင့်သုံးပြီး ပဋိပက္ခဒဏ်သင့် ဒေသများ၌ အထူးအလေးထား ဆောင်ရွက်သည်ဟု သိရသည်။
အဓိကထောက်ပံ့နေသော လုပ်ငန်းနယ်ပယ်များအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ လိင်နှင့် မျိုးပွားအင်္ဂါကျန်းမာရေးနှင့် အခွင့်အရေးများ၊ ဆေးဝါးအသုံးပြုမှုနှင့် ကျန်းမာရေးအကျိုးဆက်၊ တီဘီ၊ ငှက်ဖျားနှင့် ကိုဗစ်-၁၉ ရောဂါတို့ ဖြစ်သည်။
နော်ဝေနိုင်ငံ၏ ရံပုံငွေ ပံ့ပိုးမှုသည် ထိလွယ်ရှလွယ် အုပ်စုများထံ ပိုမိုလက်လှမ်းမီစေမည် ဖြစ်သကဲ့သို့ အမျိုးသမီးများနှင့် ကလေးများအတွက် အရေးပါသည့် ကယ်ဆယ်ရေးဝန်ဆောင်မှုများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။
နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက် ယခုကဲ့သို့ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ခွင့် ရရှိသည့်အပေါ် ဝမ်းမြောက်မိကြောင်း ထုတ်ပြန်ထားသည်။
သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment