ရန်ကုန်၊ ဒီဇင်ဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဟောင်း)၊ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး ဦးခင်ညွန့် (အငြိမ်းစား)၊ စည်သူ ဘိုကလေးတင့်အောင် တို့ထံ လာရောက်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အခြေအနေများ မေးမြန်းပြီး အားပေးစကားများ ရင်းရင်းနှီး ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံပြီး နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးတင်ဦး၊ ဦးခင်ညွန့်၊ စည်သူ ဘိုကလေးတင့်အောင် တို့၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ တပ်မတော်ဆေးရုံများတွင် လိုအပ်သည့် ဆေးကုသမှုများ ခံယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment