ရန်ကုန်၊ ဒီဇင်ဘာ ၅
တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ၂၀၂၂ခုနှစ်မတ် ၃၀ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါနေ့ကပြုလုပ်သည့် ပညာရေးဝန်ကြီးနှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စာမေးပွဲ အဖြေလွှာများကို အချိန်မီစစ်ဆေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာတင်သွင်းရာတွင် ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင် ဖြေဆိုခွင့်လျှောက်လွှာကတ်ပြားပုံစံနှင့်ပန်းရောင်လျှောက်လွှာကတ်ပြားပုံစံ နှစ်မျိုး ခွဲခြားထားကြောင်းသိရသည်။
လျှောက်လွှာတင်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာကျောင်းများမှတဆင့် လျှောက်လွှာနှင့်တံဆိပ်ခေါင်းတွေဝယ်ယူ၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း အချိန်မီ ပေးပို့ရမည်ဖြစ်သည်။
ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများအနေဖြင့် မိမိတို့ နေထိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် ဖြေဆိုခွင့်လျှောက်လွှာများကို သတ်မှတ်ရက်အတွင်းပေးပို့ရမည်ဖြစ်သည်။
ကျောင်းဖွင့်ရက်နောက်ကျသည့် တိုင်းနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၄၆ မြို့နယ်မှ ကျောင်းသား၊ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့်သူများအတွက် လျှောက်လွှာရောင်းချခြင်း၊ပြန်လည်ပေးပို့ခြင်းများကို သတ်မှတ်ရက်တိုးမြှင့် ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment