ဆိုးလ်၊ ဒီဇင်ဘာ ၈
တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၇,၁၇၅ ဦရှိရာ ၎င်းမှာ ကပ်ရောဂါကာလအမြင့်ဆုံးစံချိန်ချိုးခဲ့ကြောင်း၊ လက်ရှိ ရောဂါပြင်းထန်သည့် လူနာ ၈၄၀ ဦး ရှိကြောင်း တောင်ကိုရီယား ဗဟို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနချုပ်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၈ ရက် ၀၀:၀၀ နာရီအထိ ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် အိုမီခရွန် ကူးစက်မှုသည် ၂ ဦးထပ်တိုးလာပြီး စုစုပေါင်း ၃၈ ဦး ထိရှိလာကြောင်း သိရသည်။
လက်ရှိ တောင်ကိုရီးယားတွင် ကပ်ရောဂါ ပြန့်ပွားမှုများ ဆိုးဝါးလျက်ရှိရာ ကျန်းမားရေးစနစ် ပြင်းထန်သည့် ဝန်ဖိအား ရှိနေကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ် Kim Boo-kyumက ယင်းနေ့တွင် ကျင်းပသည့် ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကိုဗစ်အတည်ပြုလူနာ ၈၀ ရာခိုင်နှုန်းကျော်သည် ဆိုးလ်၊ အင်ချွန်းနှင့်Gyeonggi-do စသည့် မြို့တော်တစ်ဝိုက်ဒေသများမှ လာခြင်းဖြစ်ပြီး လူနာကုတင်အကျပ်အတည်း ဖြစ်နေကြောင်း ဆိုသည်။
ကျန်းမာရေးစနစ် ဝန်ပိအား ဖြေလျှော့နိုင်ရန်အတွက် အစိုးရအနေဖြင့် အိမ်တွင် ဆေးကုသသည့်စနစ်အား ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကူညီပေးမည့်လူအင်အားကို တိုးချဲ့သွားမည်ဖြစ်ကြောင်း Kim Boo-kyumက ပြောကြားခဲ့သည်။ လာမည့်နှစ်ဆန်းပိုင်းတွင် အိမ်တွင်ဆေးကုသမှုခံယူနေသည့် အန္တရာယ်များလူအုပ်စုများအား ကိုဗစ်သောက်ဆေးများ ဝေမျှပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
တောင်ကိုရီးယားတွင် အိုမီခရွန် ကူးစက်လူနာ တိုးပွားလာမှုအခြေအနေအပေါ် Kim Boo-kyumက ရောဂါကူးစက်နိုင်မှုရှိသူများအား လျင်မြန်စွာ ရှာဖွေရန်မှာ အထူးအရေးကြီးကြောင်း အလေးထားမှာကြားခဲ့ပြီး ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးဌာနနှင့် ဒေသအသီးသီးအစိုးရများက သံသယလူနာများအား အချိန်မီဆေးစစ်ခြင်း၊ ကူးစက်ရောဂါခြေရာခံစစ်ဆေးခြင်းနှင့်သီးခြားခွဲထားခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
အသက်အရွယ်ကြီးရင့်သူ လူအုပ်စုများအား အားဖြည့်ကာကွယ်ဆေးထိုးရန်နှင့် လူငယ်လူရွယ်များအား ကာကွယ်ဆေးထိုးနှံပေးမှုနှုန်းမြင့်တင်ဆောင်ရွက်ရန် လက်ရှိတွင် အရေးကြီးကြောင်း Kim Boo-kyumက ဆိုသည်။
တောင်ကိုရီးယားနိုင်ငံ ကိုဗစ်ကာကွယ်ဆေး ကြိုတင်ထိုးနှံမှု မြှင့်တင်ရေးအဖွဲ့၏ ကိန်းဂဏန်းများအရ ် ဒီဇင်ဘာ ၈ ရက် ၀၀:၀၀ နာရီအထိ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူဦးရေ ၈၀.၇ ရာခိုင်နှုန်းရှိပြီး အားဖြည့်ကာကွယ်ဆေးထိုးနှံထားသူ ၈.၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment