အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်း စီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်း စီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 




နေပြည်တော်၊ ဒီဇင်ဘာ ၉

အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်း စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၈)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အမှတ်(၂)စက်မှုသင်တန်း ကျောင်း (မန္တလေး)၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် သင်တန်းကျောင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် ZHONGMEI Engineering Group Ltd. မှ တာဝန်ရှိသူတို့က သင်တန်းကျောင်း အဆင့်မြှင့် တင်ခြင်းစီမံကိန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် တည်ငြိမ်အေးချမ်းမှု လိုအပ်သလို၊ နိုင်ငံသားများကလည်း အသိပညာ၊ အတတ်ပညာ ကြွယ်ဝရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အသက်မွေးဝမ်းကျောင်း ပညာများ တိုးတက်မှသာ နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝအခြေအနေ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အသက်မွေးဝမ်းကျောင်းပညာများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုအရေးပါလာပြီ ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၌ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ် စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ် ချက်ဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာ အထောက်အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုတွင် စက်မှုသင်တန်းကျောင်း (၈)ကျောင်းကို ထူထောင်ဖွင့်လှစ်ပြီး စက်မှု ကျွမ်းကျင်လုပ်သား (၁,၀၀၀)ခန့်ကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသလို ကာလတို (၃)လ သင်တန်းများ၊ ရွေ့လျားသင်တန်းများစသည့် အစီအစဉ်များဖြင့် စက်မှုနှင့်အသက်မွေး ပညာရပ် များကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။

ယခင်က အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)တွင် ဘာသာရပ် (၄)ခုဖြင့် တစ်နှစ်လျှင် သင်တန်းသား (၁၆၀) လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း၊ အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက  ဘာသာရပ်အသစ် (၂)ခု ထပ်တိုး၍ ဘာသာရပ် (၆)ခုဖြင့် တစ်နှစ်လျှင် ကျွမ်းကျင်လုပ်သား (၂၄၀)ကို လေ့ကျင့် သင်ကြား မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကူညီထောက်ပံ့ပေးပါသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရနှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မည့် ZHONGMEI Engineering Group Ltd., မှ တရုတ် ပညာရှင် အဖွဲ့များနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းအောက်တွင် တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍဆိုင်ရာ အတွေ့ အကြုံများ၊ အဆင့်မြင့်နည်းပညာများ ဝေမျှခြင်း၊ မူဝါဒပိုင်း ဆိုင်ရာများ ပူးပေါင်းချမှတ် နိုင်ရေး မြှင့်တင်ဆောင်ရွက်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှု မှတစ်ဆင့် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ လိုအပ်ချက်ပြည့်မီစေရန် TVET များမှ ကျွမ်းကျင် လုပ်သားများ မွေးထုတ် ပေးနိုင်ရေး စဉ်ဆက်မပြတ် ပံ့ပိုးကူညီသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသည့် ဧည့်သည်တော် များသည် သင်တန်း ကျောင်း၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှု ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တံတားဦးမြို့နယ်၊ မြို့သာစက်မှု ဥယျာဉ်မြို့တော်သို့ ရောက်ရှိပြီး စက်မှုဇုန်တာဝန်ရှိသူများက စက်မှုဇုန်တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ပြောကြားပြီး Gold AYA Motors International Group Co., Ltd. ၏ SKD စနစ်ဖြင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံများတွင် ထုတ်လုပ်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)