MNP - ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဓါတ်သတ္ထုလုပ်ငန်း လိုင်စင် (၄၉) ခု လျှောက်ထားဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ထံမှ သိရသည်။
အဆိုပါ ဓါတ်သတ္ထုလုပ်ငန်းလိုင်စင် လျှောက်ထားလာမှုများ၊ လုပ်ကွက်အတွင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် အခွန်(၄)မျိုး လျာထားချက် ပြည့်မီစွာ ဆောင်ရွက်နိုင်စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဓါတ်သတ္ထုလုပ်ငန်းလိုင်စင်ဖြစ်သော (အုတ်၊ သဲ၊ ကျောက်၊ ကျောက် စရစ်) လုပ်ငန်းလိုင်စင်များ လျှောက်ထား ဆောင်ရွက်နေပြီး ထပ်မံလျှောက်ထားလာမှုများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီကိုက်ညီမှု ရှိ/မရှိ၊ သတ်မှတ်လိုင်စင် စည်းကမ်းသတ်မှတ်ချက်များနှင့် အညီလုပ်ငန်းလုပ်ကွက်များအတွင်း ဆောင်ရွက်နေမှု ရှိ/မရှိ၊ သတ်မှတ်ထားသော အခွန်နှုန်း ထားများပေးသွင်းစေရေးနှင့် အခွန်(၄)မျိုး လျာထားချက်ပြည့်မီ ကျော်လွန်ဆောင်ရွက်နိုင်စေရေးတို့အတွက် လုပ်ငန်းရှင်များနှင့် သွားရောက် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘက်ဂျက် ခြောက်လတာကာလအတွင်း ဓါတ်သတ္ထုလုပ်ငန်းလိုင်စင်များဖြစ်သည့် (အုတ်၊ သဲ၊ ကျောက်၊ ကျောက်စရစ်) လုပ်ငန်း လိုင်စင်ပေါင်း (၄၉)ခု လျှောက်ထားဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သတင်း - မောင်မောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment