MNP - ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝသွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာ(၄)ရွာချင်း ဆက်လမ်းပေါ်တွင် သံကူကွန်ကရစ် တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၉၀) ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတား(၂)စင်းသည် ၂၀ပေတစ်စင်းနှင့် ၁၀ပေတစ်စင်းရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၅၂.၁၇၈)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတံတား တည်ဆောက်ခြင်းလုပ်ငန်းကို သုမွဲထအောင် မြေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပိုမိုလွယ်ကူအဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။
သတင်း - နော်ခူးခူး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment