MNP ၊ ဇန်နဝါရီ ၁၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်သို့ မြန်မာ့အမျိုးသား လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်များအတွင်း မော်တော်ယာဉ် များဖြင့် ရုတ်တရတ် ရောက်ရှိလာပြီး ပြည်သူလူထုအား အကာအကွယ်ရယူကာ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်၍ ထွက်ပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားခြင်း လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ၎င်းတို့ ထွက်ပြေးနိုင်မည့် လမ်းကြောင်းများအား ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ စစ်ဆေးဆောင်ရွက်လျက် ရှိစဉ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ကွိုင်ငံရွာဟောင်းဘက်မှ မိုဆိုကျေးရွာ ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၇ စီးအား တွေ့ရှိသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုခံယူနိုင်ရေး ရပ်တန့်စေခဲ့ရာ ရပ်တန့်မှုမရှိဘဲ မော်တော်ယာဉ်များ ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း၊ ထိုသို့ မောင်းနှင်ထွက်ပြေးသွားစဉ် မိုဆိုကျေးရွာအနီးရှိ တောင်ကုန်း များတွင် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သမားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ ရကြောင်း၊ ဖြစ်စဉ်တွင် KNPP အဖွဲ့ နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများနှင့် အကြမ်းဖက်သင်တန်း တက်ရောက်ရန် ပါဝင်လာသည့် လူသစ် အချို့တို့အား လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်းနှင့် မီးလောင်လွယ်သည့် စက်သုံးဆီများဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် အကြမ်းဖက် အဖွဲ့များ ကျေးရွာများမှ အဓမ္မကောက်ခံရယူသွားခဲ့သည့် စားသောက် ကုန်ပစ္စည်းများ တင်ဆောင် ထားသည့် မော်တော်ယာဉ် ၇ စီးမှာလည်း မီးလောင် ပျက်စီးခဲ့ကြောင်းကို သတင်းများ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဖွဲ့ အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့တို့က လူမှုကွန်ရက်စာမျက်နှာများတွင် တပ်မတော်နှင့် ဒေသခံနယ်ခြားစောင့် တပ်ဖွဲ့ဝင်တို့အကြား အထင်အမြင် လွဲမှားမှုများဖြစ်ပေါ်လာအောင် မဟုတ်မမှန် သတင်းများ လှုံ့ဆော် ထုတ်လွှင့်ရေးသား ဖော်ပြလျက်ရှိသဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များက ဒေသခံနယ်ခြားစောင့်တပ်မှ တာဝန် ရှိသူများနှင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စိစစ်ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့ရာ ယင်းနေ့တွင် မိုဆိုကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး ဆောင်ရွက်လျက်ရှိစဉ် တရားမဝင်ဖောက်လုပ်ထားသော ဒီးမော့ဆို-ကွိုင်ငံရွာဟောင်း-ဒေါ့ကယားခူး-မိုဆို မြေသားလမ်းအတိုင်းမောင်းနှင်လာသည့် မသင်္ကာဖွယ်မော်တော်ယာဉ် ၇ စီးအား တွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရန် ရပ်တန့်စေခဲ့ကြောင်း၊ မော်တော်ယာဉ်များမှာ ရပ်တန့်ခြင်းမရှိဘဲ မော်တော်ယာဉ်များပေါ်မှ အသင့်ပါလာသော လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့များကလည်း ပြန်လည်ပစ်ခတ်စဉ် မိုဆိုကျေးရွာအနီးတောင်ကုန်းများပေါ်၌ အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက် အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လာ ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား ရောက်ရှိခဲ့သည့် မော်တော်ယာဉ် ၇ စီးမှာ လက်နက်ကြီး၊ လက်နက်ငယ်ကျည်နှင့် ဗုံးသီးများ ထိမှန်၍ ရှေ့ဆုံး မော်တော် ယာဉ်များ၌ တင်ဆောင်လာသော စက်သုံးဆီများမှ ပေါက်ကွဲမီးလောင်ခဲ့ကြောင်း၊ မီးလောင်နေသည့် ကားမှတဆင့် ကျန်မော်တော်ယာဉ်များအား လျင်မြန်စွာ မီးကူးစက်ခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြားမှ အတတ်နိုင်ဆုံး ယာဉ်ပေါ် လိုက်ပါသူများအား ကယ်ထုတ်ရန် ကြိုးပမ်းသော်လည်း မီးလောင်မှုအရှိန်နှင့် တစ်ဖက်၏ ပစ်ခတ်မှုများကြောင့် ကယ်တင်နိုင်မှုမရှိခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေး နီးစပ်ရာမြို့အတွင်းရှိ မီးသတ်တပ်ဖွဲ့ များမှ မီးသတ်ယာဉ်များကို အကူအညီတောင်းခံသော်လည်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် မီးသတ်ယာဉ်များ ပျက်စီးခြင်းနှင့် CDM လှုပ်ရှားမှုများကြောင့် မီးသတ် တပ်ဖွဲ့ဝင်များ အင်အားလျော့နည်းခြင်းတို့ကြောင့် လာရောက် မီးငြှိမ်းသတ် နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
ဒီးမော့ဆိုမြို့မှ မိုဆို ကျေးရွာသို့ အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းသည် ဒီးမော့ဆို-ဖရူဆို ကတ္တရာလမ်းမှတဆင့် မိုဆိုကျေးရွာသို့ သွားရောက်ရခြင်းသာဖြစ်သော်လည်း ယခုထိတွေ့မှု ဖြစ်ပွားသည့် အကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ဖောက်လုပ်ထားသည့် ဒီးမော့ဆို-ကွိုင်ငံရွာဟောင်း ဒေါ့ကယားခူး-မိုဆို မြေသားလမ်းအတိုင်း ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ပြေးလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေစဉ် မိုဆိုကျေးရွာမှ ကျေးရွာသားများက ကျေးရွာရှိ ဒေသခံနယ်ခြားစောင့်တပ်စခန်းသို့ လာရောက် သတင်းပို့ အကူအညီ တောင်းခံခဲ့ရာ နယ်ခြားစောင့် တပ်စခန်းမှ တပ်ဖွဲ့ဝင် ၄ ဦးက တာဝန်ရှိသူများထံ သတင်းပို့ခြင်းမရှိဘဲ တိုက်ပွဲဖြစ်ရာနေရာသို့ ကိုယ်စီလက်နက်ငယ်များယူဆောင်၍ အရပ်ဝတ်များဖြင့် လိုက်ပါသွားကြောင်း၊ အဆိုပါ အဖွဲ့သည် စခန်းမှထွက်ခွာပြီး မကြာမီ လက်နက်ငယ်သံများကြားရကြောင်း၊ လက်နက်ငယ်သံကြားရချိန် မတိုင်မီကပင် တိုက်ပွဲဖြစ်သံကြားနေရကြောင်း၊ သို့ဖြစ်၍ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး၏ လက်ပြန် ကြိုးတုပ်၍ အဖမ်းခံရမှုမှာ စခန်းမှထွက်ခွာစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် တွေ့ဆုံခဲ့ပြီး သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း၊ အဆိုပါ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့ပြီးမှသာ လက်ပြန်ကြိုးတုပ်နှောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ထားသည့်ပုံစံ ဖန်တီးမှုဖြစ်နိုင်ကြောင်း ဖော်ထုတ် သိရှိရသည်။ ထိုကဲ့သို့ ဖြစ်စဉ်မှန်ကို သိရှိခြင်းမရှိဘဲ အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့တို့က လူမှုကွန်ရက် စာမျက်နှာများတွင် တပ်မတော်နှင့် ဒေသခံနယ်ခြားစောင့် တပ်ဖွဲ့တို့အကြား အထင်အမြင်လွဲမှား သံသယမှုများဖြစ်ပေါ်လာအောင် အကြိမ်ကြိမ်သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ မြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှု ဖြစ်ပေါ်နေသည်ကိုပင် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး ကြိုးစားလုပ်ဆောင်ခဲ့ ကြပြီး KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ ပတ်ဝန်းကျင်တောင် ကုန်းများပေါ်မှ ပစ်ခတ်မှုများကြောင့်သာလျှင် မငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများနှင့် ယာဉ်ပေါ်ပါဝင်လာသူ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဓာတ်ဆီ၊ ဒီဇယ်ပေါက်ကွဲ၍ မော်တော်ယာဉ် မီးလောင်ဆုံးရှုံးမှု ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးအား အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ဆီတိုင်ကီအား ထိမှန်ပေါက်ကွဲခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မီးလောင်ဒဏ်ရာကြောင့် သေဆုံး၊ ဒဏ်ရာရမှု ဖြစ်စဉ်မျိုး ရှိခဲ့မှုကိုလည်း နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံများ၌ ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။
အထက်ပါ ဖြစ်စဉ်နှစ်ခုအား သုံးသပ်ကြည့်မည်ဆိုပါက မော်တော်ယာဉ်များပေါ်တွင် မီးလောင်လွယ်သည့် လောင်စာဆီများ၊ စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ် များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရလျှင် မီးလောင်ပျက်စီးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပြီး ၎င်းဖြစ်စဉ်အပေါ် အခွင့်ကောင်းယူအမြတ်ထုတ်၍ အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်နွယ်သူများက တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အရပ်သားများအား သတ်ဖြတ်သည့် အသွင်ဖြင့် လုပ်ကြံဖန်တီးခြင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် သွေးထိုးလှုံ့ဆော် ရေးသားဖော်ပြ ခြင်းများ ဆောင်ရွက်လျက် ရှိသည်ကို သိရှိရသည့်အပြင် အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေး အားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့ တို့ကလည်း အဖြစ်မှန်အား သိရှိခြင်းမရှိဘဲ ၎င်းတို့၏ ထင်မြင်ယူဆချက်များအပေါ် အခြေခံပြီး ရေးသား ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။ မိုဆိုကျေးရွာအနီး ဖြစ်ပွားခဲ့သော ဖြစ်စဉ်အတွင်း မော်တော်ယာဉ်များ မီးလောင်ပျက်စီးပြီးနောက် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ပြီး လက်ပြန်ကြိုး တုပ်နှောင်မီးရှို့ကာ အထင်အမြင်လွဲမှားမှုဖြစ်စေရန် ရည်ရွယ်ချက်ရှိစွာဖြင့် တမင်ဖန်တီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ကို စစ်ဆေးတွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်လျက် ရှိပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် အညီ အရပ်သား ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူများ အနေဖြင့်လည်း တစ်ဖက်သတ် အထင်အမြင်လွဲမှားစွာ ရေးသားဖော်ပြနေမှုများအပေါ် စဉ်းစားဆင်ခြင် သုံးသပ်ပြီး အမှားနှင့်အမှန် ခွဲခြား သိမြင်နိုင်ရန် လိုအပ်ပါကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment