ကျွန်တော် ဦးသိန်းစိန်အစိုးရ တက်လာပြီးမှ သတင်းလောကထဲကို ရောက်ပါတယ်။ ကျွန်တော် သတင်းလောကထဲရောက်ပြီး လယ်ယာမြေသိမ်းဆည်းခံရမှု အရေးကိစ္စတွေ ပြန်လည်တောင်းဆိုလာတော့ ကျွန်တော်ဟာ အဲဒီလယ်သမားတွေရဲ့ နစ်နာမှုတွေကို ကူညီဖော်ထုတ်ပေးတဲ့သူတွေနဲ့ လက်တွဲဖြစ်လာတယ်။ မီဒီယာအပိုင်းကပေါ့ဗျာ။ ဦးနေမျိုးဝေ၊ ဦးဝင်းချို၊ ဦးစိုးကြည်၊ ကိုဝေဠု တို့နဲ့ပေါ့ဗျာ။ လယ်ယာမြေနစ်နာဆုံးရှုံးမှုများအရေး ကူညီသူတွေ၊ လယ်သမားတွေဆီက အသံတွေ ကြားပါများပြီး ကျွန်တော်ကိုယ်တိုင် မခံချင်စိတ်ဖြစ်လာတယ်။ နောက်တော့ ကျွန်တော်ဟာ လယ်ယာမြေအရေးကိစ္စသီးသန့်လိုက်ရေးတဲ့ သတင်းထောက်လို ဖြစ်သွားတယ်။ အဲဒီအရင်ကလည်း ဟုတ်တိပတ်တိ ဘာသတင်းမှ မရေးခဲ့ဘူး။ ဆောင်းပါးရေးတာလောက်ပဲ လုပ်ပါတယ်။
လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေအပေါ် စာနာမိတယ်။ ခံစားမိတယ်။ ကူညီခဲ့တယ်ပေါ့ဗျာ။ သို့ပေသော် လယ်သမားများနဲ့ ပေါင်းသင်းဆက်ဆံပါများလာတော့ လယ်သမားတွေအကြောင်းလည်း ကောင်းကောင်းသိလာတယ်။ တချို့ ညီရင်းအစ်ကိုလို ခင်မင်သွားကြသူတွေ ရှိပါတယ်။ ဘယ်လောက်အထိ လုပ်ခဲ့သလဲဆိုရင် မင်္ဂလာဒုံမြို့နယ်၊ ရွှေ့နံ့သာကွင်းထဲမှာ ဦးနေမျိုးဝေ၊ ကိုအောင်မျိုးဦးနဲ့ ၂လ အိမ်မပြန်ဘဲ စာထိုင်ရေးခဲ့ဖူးတယ်။ လယ်သမားတွေမှာ ကျွန်တော်တို့ အရွယ် သားတွေ၊ သမီးတွေ မရှိကြလို့လားဆိုတော့ မဟုတ်ဘူးဗျ။ သူတို့က လယ်ကွင်းထဲတောင် ဆင်းမကြည့်ဘူး။ ကျွန်တော်တို့ကသာ သူတို့မိဘတွေရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် ခြင်ကိုက်ခံပြီး၊ လူမုန်းခံပြီး သွားလုပ်နေတာ။ အဲဒီက လယ်သမား တချို့ ရပေါက်ရလမ်းလေးမြင်လို့ တွေ့ဆုံဆွေးနွေးကြတော့မယ်လည်း ဆိုရော အကြည့်တွေ၊ အပြောတွေ၊ လေသံတွေပါ ပြောင်းသွားတယ်။ ကိုယ်တွေက အစကတည်းက မျှော်လင့်ချက်နဲ့ သွားခဲ့တာမဟုတ်။ သူတို့သဘေားထား သိရပြီဆိုတော့ ကိုယ့်အိတ်ကိုယ်စွဲပြီး ကိုယ့်အိမ်ကိုယ် ပြန်ရုံပေါ့ဗျာ။ အခုထိ ပြေလည်သလား၊ မပြေလည်လားတောင် မသိပါဘူး။
အဲဒီလိုပါပဲ ပြင်ဦးလွင်၊ နောင်ချို၊ တောင်ကြီး၊ နေပြည်တော် လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို စာတွေ လိုက်ရေးပေးခဲ့ရဖူးတယ်။ တချို့ကြတော့လည်း ဘာလုပ်ပေးနိုင်မှာမို့လို့လည်းဆိုတဲ့ သံသယရှိကြတယ်။ ဘာမှ မလုပ်ပေးနိုင်ဘူး။ ဖင်ယားပြီး စာပဲ ရေးပေးနိုင်တယ်။ လုပ်ပေးနိုင်တာကတော့ နိုင်ငံတော်တာဝန်ရှိသူတွေပဲ။ သူတို့သိအောင် ခင်ဗျားတို့ ပြဿနာတွေကို အဆင်ချောအောင် ရေးပေးနိုင်တယ်။ ဒါပါပဲ။
နောင်ချိုဘက်က ရွာတစ်ရွာက ခေါ်တော့ ဦးနေမျိုးဝေက သူမသွားနိုင်လို့ ကျွန်တော့်ကို လွှတ်တယ်။ သူရေးတဲ့ ပုံစံကို ကျွန်တော်က အလွတ်ရပြီးသား။ လယ်သမားတွေရဲ့ နစ်နာမှုတွေကို ကူညီပေးပါလို့ ခေါ်သူက တစ်ယောက်၊ လယ်သမားတွေက သိပ်ပြီးစိတ်မပါလှဘူး။ ဘာလုပ်ပေးနိုင်မှာလဲဆိုတဲ့ သံသယတွေပေါ့။ လယ်သမား အယောက် ၂၀ လောက် ရှေ့မှာ ခင်ဗျားတို့အတွက်လာတယ်။ ခင်ဗျားတို့ ပြဿနာတွေကို ရေးပြီး သက်ဆိုင်ရာတွေကို တင်ပြပေးဖို့လာတယ်။ ရေးချင်တဲ့သူ ရှိရင် ရေးပေးမယ်။ မရေးချင်တဲ့သူ ပြန်လို့ ရတယ်။ အဲဒီမှာ စပြီး တစ်ယောက်၊ ၂ယောက်ကို ခရေစေ့တွင်းကျမေးပြီး ရေးတယ်။ အဲဒီတော့မှ တခြားသူတွေက သဘောကျသွားဟန်တူပါရဲ့။ နောက်နေ့ကျတော့ ထွေလာဂျီတွေနဲ့ လယ်သမားပေါင်း သောင်းခြောက်ထောင် ရောက်လာကြတော့ ရေးမနိုင်တော့ဘူး။ တခြားသူတွေ ဝိုင်းရေးပေးဖို့ကလည်း ကွန်ပျူတာက တစ်လုံးတည်း။
ပြောချင်တာက ပြဿနာတွေက အများကြီး။ ကိုယ့်ကိစ္စကိုယ် ဘယ်လိုရေးတိုင်ရမှန်း မသိတဲ့ တောင်သူတွေလည်း အများကြီး။ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဘယ်လောက်အထိ လူပါးဝသလဲဆိုရင် သဘောလေးကို ပြောပြမယ်။ နောင်ချိုမြို့နယ်ထဲက ရွာတစ်ရွာမှာ မူလဈေးမီးလောင်သွားလို့ ဈေးသစ်ပြန်ဆောက်တော့ အဲဒီရွာက အဖွားအိုတစ်ယောက်က သူ့မြေကိုလည်း ဈေးအတွက်လှူတယ်။ သူလည်း အဲဒီဈေးထဲမှာ ဆိုင်ခန်းတစ်နေရာ ပြန်ယူတယ်။ သူဆောက်တဲ့ ဆိုင်ခန်းတံဆက်မြိတ်လေးက ၂ပေလောက် အများပိုင်မြေထဲ ရောက်တယ်ပေါ့ဗျာ။ အဲဒီအဖွားအိုကလည်း မဟုတ်မခံ ပြောတတ်ဆိုတတ်တော့ ဈေးစည်ပင် အရာရှိက ဘာကိုဘယ်လိုညှိုးနေသလဲမသိ။ အဲဒီ ၂ပေကျူးတဲ့ကိစ္စလေး တရားစွဲသတဲ့။
သက်ဆိုင်ရာက တရားစွဲရင် အရာရှိနဲ့ သာမာန်ပြည်သူ ဘယ်သူနိုင်မလဲ။ မေးမနေနဲ့။ စည်ပင်အရာရှိနိုင်တယ်။ မှားမှား မှန်မှန် အဲဒါကလည်း ပုံသေနည်းလိုပဲ။ အဖွားကြီးက မလျှော့ဘူး။ ခရိုင်တက်တော့ အဖွားကြီး ပြန်နိုင်သတဲ့။ စည်ပင်ကလည်း မလျှော့ဘူး တိုင်းတက်သတဲ့။ တိုင်းကြတော့ စည်ပင်နိုင်ပြန်ရော။ အဖွားကြီးက စာချွန်တော်ထိ တက်ဖို့ လုပ်နေတဲ့အချိန် ဦးနေမျိုးဝေကို ခေါ်တော့ ကျွန်တော်သွားတယ်။ မေးမြန်းကြည့်လိုက်တော့ ပြဿနာက ကြီးကျယ်တာလည်း မဟုတ်။ ဆရာရေ ကိစ္စကတော့ အဲဒီလိုပါဆိုတော့ သတင်းရေးတင်လိုက်ကွာတဲ့။ မန္တလေးရောက်ပြီး အင်တာနက်ဆိုင်က သတင်းသွားတင်လိုက်ပြီး နောက်တစ်ပတ်မကြာဘူး ပြေလည်သွားသတဲ့။ အမှုရုပ်သိမ်းသွားလေသတည်းပေါ့ဗျာ။ ပြေလည်ချင်ရင်လည်း အဲဒီလို လွယ်ကူပါတယ်။ မပြေလည်ချင်တဲ့ကိစ္စတွေကြတော့လည်း အခုထိ မပြေလည်ကြသေးပါဘူး။
ဦးသိန်းစိန်လက်ထက်ကတော့ဗျာ အများစုက တပ်ကသိမ်းခဲ့တယ်။ စီမံကိန်းမဖော်ဆောင်ဘူး။ ခရိုနီလက်ထဲ လွှဲပေးလိုက်တယ်။ အများစုက ဒါတွေပဲ။ အဲဒါလည်း လွယ်လွယ်နဲ့တော့ လုပ်မပေးဘူးနော်။ ရန်ကုန်အနီးတဝိုက် မင်္ဂလာဒုံ၊ လှည်းကူး၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရှမ်းပြည်နယ်က နောင်ချို၊ တောင်ကြီး ကိုယ်သိသလောက်ပြောတာ။ အခြားသူတွေ လုပ်နေတာတွေ အများကြီး ရှိသေးတယ်။ တနိုင်ငံလုံး ပွက်လောညံလာတော့မှ လွှတ်တော်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေး ကော်မရှင်ဆိုတာ ပေါ်လာတာ။ တော်ရုံနဲ့တော့ လုပ်လိမ့်မယ်မထင်နဲ့။ ရာထူးအာဏာ၊ နေရာ ရသွားရင် အချိုးမပြေချင်ဘူးဆိုတာ အဲဒီမှာ ပေါ်လွင်တယ်။ အဲဒီကော်မရှင်ဖွဲ့ပြန်တော့လည်း မြေသိမ်းယာသိမ်း ပုဂ္ဂိုလ်တွေက ကော်မရှင်အဖွဲ့ဝင်တွေအဖြစ် ပါသေးတယ်။ လုပ်ပုံများ ပြောပါတယ်။ စစ်ဆေးတဲ့အခါကြတော့လည်း နစ်နာသူ ကုစားရေးထက် လွှတ်တော်ကိုယ်စားလှယ်ဆိုသူတွေက ဟိန်းလား ဟောက်လား ခရိုနီကာကွယ်ရေးအလေးထားတဲ့သူတွေက ပါပြန်ရော။ ကူညီဆောင်ရွက်သူတွေ ဝင်မပြောရတို့ ဘာတို့ လုပ်သေးတာ။ သူတို့ပဲ လုပ်ပိုင်ခွင့်ရှိတယ်၊ သူများကို ပြောရေးဆိုခွင့် မပေးချင်ဘူးဆိုတာမျိုးပေါ့။
စလုပ်ကတည်းက နစ်နာသူကုစားရေးထက် မဖြစ်မနေမို့လို့သာ စစ်ဆေးဆောင်ရွက်ရတဲ့အခြေအနေမျိုးဆိုတော့ ပြေလည်မှုမရကြတာတော့ မထူးဆန်းပါဘူး။ စေတနာမမှန်လို့ နစ်နာသူတွေ မပြေလည်တာပေါ့။ ဘယ်သူတွေက စေတနာမမှန်တာလဲလို့ မေးရင် စစ်ဆေးသူနဲ့ ရာထူးအာဏာရှိသူတွေက နစ်နာသူအပေါ် စေတနာမထားဘူး၊ ဥပဒေကို အလေးမထားဘူး။ နစ်နာသူကို စေတနာထားရင် အသပြာမရဘူး။ အရာရှိဟောင်းကြီးတွေ၊ ပေးနိုင်ကမ်းနိုင် ခရိုကြီးတွေကို စေတနာထားမှ အသပြာပွားတယ်လေဗျာ။ ပြောရရင်တော့ မြန်မာပြည်က မြေယာပြဿနာတွေက အိန္ဒိယရုပ်ရှင်ကားထဲကလိုတွေချည်းပါပဲ။
အခု နစက တက်လာပြီးမှ ပြင်ဦးလွင်ဘက်က လယ်သမားတွေက ခေါ်လို့ တခါသတင်းအင်တာဗျူး သွားရိုက်တယ်။ ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာပါ။ စိုက်ပျိုးမြေတဲ့။ လယ်သမားတွေကို ပိုးစာစိုက်ပါဆိုလို့ လယ်သမားတွေက ပိုးစာစိုက်ခဲ့တယ်။ ကြက်ဆူစိုက်ပါဆိုတော့ ကျေးရွာဥက္ကဋ္ဌက နိုင်ငံတော်စီမံကိန်းအကြောင်းပြပြီး နိုင်ငံတော်က သိမ်းသလိုလိုနဲ့ သူက သိမ်းယူထားလိုက်တယ်။ နောက်တော့ လုပ်ငန်းရှင်ကို လွှဲပေးလိုက်တယ်။ လုပ်ငန်းရှင်ကလည်း သာမာန်လုပ်ငန်းရှင်ကို လွှဲပေးတာတော့မဟုတ်ဘူး။ အရာရှိကြီးတွေ အသိုင်းအဝိုင်းထဲက လုပ်ငန်းရှင်ကိုပဲ ပေးလိုက်တယ်။
အဲဒီစိုက်ပျိုးမြေပေါ်မှာ လမ်းတွေဖောက်တယ်။ ခြံကွက်တွေ ရိုက်တယ်။ အခု နစက အစိုးရလက်ထက်မှာပဲ ပေ (၁၀၀) ပတ်လည် တစ်ကွက်ကို သိန်း(၁၆၀၀) နဲ့ facebook ပေါ် ကြော်ငြာပြီး ရောင်းနေတယ်။
ကျွန်တော်သွားမေးခဲ့တာ သိပ်မကြာသေးဘူး။ မှတ်တမ်း ရုပ်သံလည်း ရှိပါတယ်။ အဲဒီကနေ တခါတည်း Live လွှင့်တင်မလို့ပဲ။ အရာရှိကြီးတွေ လာစွဲစိမှာ ကြောက်လို့ မှတ်တမ်းယူလာပြီး ရန်ကုန်ရောက်မှ ပြန်လွှင့်ရပါတယ်။ ကျွန်တော်လည်း ကြောက်တတ်တယ်။ သူတို့က အပြစ်မဲ့ ပြည်သူကို ကူညီရမယ့်ကိစ္စကြရင်သာ လက်တိုတာ။ ဒုက္ခပေးရမယ့် ကိစ္စ (သူတို့ဂွင်ထဲ ရောက်ပြီ) ဆိုရင်တော့ လာထား။ ဥပဒေအရ ဆိုတာတွေ တဖွဖွ ရွတ်ဖတ်လိမ့်မယ်။
ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာက မြေယာနဲ့ ပတ်သက်လို့ တောင်သူတွေက ဦးသိန်းစိန် အစိုးရလက်ထက်၊ ဒေါ်စု အစိုးရလက်ထက် တင်ပြတယ်။ တိုင်ကြားတယ်။ ဘာဖြေရှင်းမှုမှ မလာဘူး။ မြေယာကို ရယူထားတဲ့သူတွေက လမ်းဖောက်တယ်။ ခြံကွက်ရိုက်တယ်။ ရောင်းနေတယ်။
လယ်သမားတွေ ကြားတာက ဒီမြေတွေကို တဖက်က ပုံစံ (၇) ရသွားပြီလို့ ကြားထားခဲ့တယ်။ နောက်တော့ မဟုတ်ဘူးတဲ့။ ပုံစံ(၇) ရလည်း လယ်ယာမြေကို လမ်းဖောက်ပြီး ခြံကွက်ရိုက်ရောင်းလို့မှ မရဘဲ။ အခု ပုံစံ(၇)လည်း မရှိဘူးဆိုတော့ အချင်းဖြစ်မြေယာကို လုပ်ငန်းရှင်တွေဘက်က အစိုးရရဲ့ ခွင့်ပြုချက်လည်း မရှိ၊ ဘာအထောက်အထားမှလည်း မရှိဘဲနဲ့ လမ်းဖောက်၊ ခြံကွက်ရိုက်ရောင်းတယ်။ သူတို့ကိုယ်တိုင်ပဲ ခြံစည်းရိုးခတ်ပေးတယ်။ အိမ်ဆောက်ပေးတယ်။ ဟန်ကျပါ့။ ပြည်သူတိုင်း အဲဒီလို လုပ်ခွင့်ရမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ။
ဒီလူတွေက ဖွဲ့ဖြိုးတိုးတက်ရေးအတွက် လုပ်နေတဲ့ Developer တွေလား။ Developer အစစ်အမှန်တွေဆိုရင် မြေရှင်လည်း မနစ်နာရဘူး။ နိုင်ငံတော်လည်း အခွန်အခ ရရမယ်။ အားလုံးအကျိုးရှိအောင် လုပ်မှ Developer လို့ ပြောလို့ ရလိမ့်မယ်။ အခုက ကိုယ်ကောင်းစားရေးတစ်ခုတည်း နိုင်ငံတော်အတွက်လည်း အကျိုးအမြတ်မရှိ၊ လုပ်ပိုင်ခွင့် အထောက်အထားလည်း ဘာမှမရှိ။ ဒီလိုအခြေအနေမျိုးကို လုပ်ရဲတယ်ဆိုတာ ဘယ်လိုလူမျိုးတွေပါလိမ့်ပေါ့ဗျာ။ တွေးကြပေတော့။
အဲဒီတောင်သူတွေထဲက ဦးဆောင်သူ ဒေါ်ခင်မေမြင့်ကပဲ ဒီကိစ္စကို ဦးဆောင်ပြီး တိုင်ကြားတာတွေလုပ်တော့ တိုင်ကြားတဲ့အထဲမှာ နာမည်တွေလည်း ပါတာပေါ့ဗျာ။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင် ခရီးစဉ်နီးတော့ ဒေါ်ခင်မေမြင့်ကို အရာရှိကြီးများက တခါခေါ်သတဲ့။ မြေယာကိစ္စ ပြေလည်အောင် ညှိနှိုင်းပေးဖို့တော့ မဟုတ်ဘူး။ တိုင်ကြားတဲ့အခါမှာ နာမည် (By Name) တပ်တိုင်တာတွေဟာ သူတို့ကို ထိခိုက်ပါသတဲ့။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း အဲဒါကိုပဲ ထပ်ခေါ်ပြီး နောက်နောင် တိုင်ကြားရင် နာမည်တပ်တိုင်ပါက အသရေဖျက်မှုနဲ့ တရားစွဲဆိုခံရမယ်ဆိုတာကို သိရှိကြောင်း လက်မှတ်ထိုးပေးရမယ်ဆိုပဲ။ ကောင်းလိုက်တဲ့ ဖြေရှင်းနည်းတွေပေါ့ဗျာ။ အခု ကျွန်တော်လည်း By Name တပ် မရေးရဲဘူးနော်။ ကြောက်လို့ပါ။
ကောင်းလိုက်တဲ့ ဖြေရှင်နည်းတွေဗျာ။ နစ်နာသူ ကုစားရေးမဟုတ်ဘူး။ ဥပဒေစိုးမိုးရေး မဟုတ်ဘူး။ အရာရှိကြီးတွေရဲ့နာမည်မထိခိုက်ရေး ဖြစ်မနေဘူးလား။ သိပ်ကို လည်ကြတယ်နော်။ နောက်ဆုံး လူကိုတော့ တစ်ဖက်လှည့်နည်းနဲ့ လုပ်ကြံမှာ ကြောက်ရသေးတယ်။
အဲဒီလိုဗျာ - တောင်သူတွေကလည်း တိုင်ကြားနေတယ်။ အချင်းဖြစ်မြေနေရာလည်း သိပြီ။ ဥပဒေမဲ့ လမ်းဖောက်ခြံကွက် ရောင်းနေတာလည်း ရုံးခန်းဖွင့်ပြီးတော့ကို ရောင်းနေတာပဲ။ မြေယာနဲ့ ပတ်သက်တဲ့ ထွေအုပ်၊ မြေစာရင်း တို့က အဲဒါကို မတွေ့ကြဘူးလား။ မသိကြဘူးလား။ ဒီနေရာကြီးက လျှို့ဝှက်ဆန်းကြယ် ထူးခြားစွာ သူတို့ရဲ့ မြင်ကွင်းထဲကနေ ပျောက်များ နေသလား။ သူတို့ မမြင်ရအောင် တခုခုနဲ့များ ဖုံးကွယ်ထားလေသလား။ တရားခံ ဘယ်လိုမှ ရှာမရဖြစ်လောက်အောင်ကို လျှို့ဝှက်ပြီး ဆန်းကြယ်နေသလားလို့ပါဗျာ။
ဒါက ပြင်ဦးလွင်မြို့နဲ့ ဆက်စပ်လို့ တစ်ခုပဲ ပြောတာပါ။ ပြင်ဦးလွင်မှာ ပထမဆုံး စာရေးပေးခဲ့ဖူးတဲ့ အမှုက လယ်သမား အဖိုးအိုတစ်ဦးက သူ့မြေထဲကနေ သာသနာ့မြေလေးလျှောက် သာသနာပြုလုပ်ငန်းလေး တတ်နိုင်သလောက် လုပ်မယ်လို့ ရည်ရွယ်ပြီး လုပ်ထားတယ်။ သူတစ်ယောက်တည်း သာသနာပြုတာထက်စာရင် စာသင်စာချ ဆရာတော်တစ်ပါးပင့်ပြီး လုပ်ရင် ပိုပြီး အကျိုးများမယ်ဆိုပြီး ပင့်လိုက်တာ။ စာချကိုယ်တော်က ဘုန်းကြီးအိုကြီးကို ကျောင်းပေါ်က နှင်ချ၊ ဘုန်းကြီးအိုကြီး ပိုင်ဆိုင်သမျှ ဧက (၄၀) က သာသနာ့မြေပါလို့ အရာရှိတွေနဲ့ ပေါင်းလုပ်လို့ တိုင်စာသွားရေးပေးခဲ့ရတာ ပထမဆုံးပါပဲ။
နောက်တော့ သစ်တောကအရာရှိများက ဂရံချပေးမယ်ဆိုလို့ သစ်တောကွက်မှာ ဆိတ်မွေး၊ စိုက်ပျိုးရေးလုပ်တယ်။ ဂရံသက်တမ်းတိုးပေးမယ်ဆိုပြီး ပြန်ယူသွားလိုက်တာ နောက်တော့ အဖိုးကြီးတွေ မောင်းထုတ်ခံရ။ ပိုင်ရှင်က သူဌေးတွေ ဖြစ်သွားပြီဆိုတဲ့အမှု။ ဆရာတော်ဦးပါမောက္ခ ပြောနေတဲ့ ရန်ကုန်မြို့ ရွှေတောင်ကြားက မြေလုသူများ အမှုကတော့ အခုထိ ရင်ဆိုင်နေဆဲ။ နောက်ထပ်လဲ တောင်သူတွေကို မလိမ့်တပတ်လုပ်ပြီး ဌာနဆိုင်ရာနဲ့ပေါင်း ခြံကွက်ရိုက်ရောင်းနေတာတွေ အများကြီးပါတဲ့ဗျာ။
ဘယ်မှာလဲ ဥပဒေစိုးမိုးရေး၊ ဘယ်မှာလဲ နစ်နာသူ ကုစားရေး၊ ဘယ်မှာလည်း ပြည်သူ့အခွင့်အရေး၊
မြေယာမှုခင်းတွေဟာ တချိန်က စာရေးဆရာများ ရေးခဲ့တဲ့ တစ္ဆေ၊ သူရဲဝတ္ထုများလို လျှို့ဝှက်နက်နဲ ဆန်းကြယ်နေအုံးမှာပဲ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment