သထုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် လုံးတော်ပြည့် ကြာသင်္ကန်းကပ်လှူပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် လုံးတော်ပြည့် ကြာသင်္ကန်းကပ်လှူပူဇော်



MNP - ဖေဖော်ဝါရီ    ၁၅

မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်ပေါ်ရှိ သမိုင်းဝင်ဆံတော်ရှင် မြသပိတ်စေတီတော် မြတ်ကြီး၏ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ပဉ္စဂီရိ ချမ်းမြေ့စည် သီလရှင်စာသင်တိုက်မှ သီလရှင်များက စေတီတော်မြတ်ကြီးအား(၄)ကြိမ်မြောက် လုံးတော်ပြည့် ကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့(တပို့တွဲလပြည့်နေ့)နံနက်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလပြည့်နေ့၌ နှစ်စဉ်ကျင်းပလေ့ ရှိသော်လည်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါကြောင့် မြို့နယ်သံဃနာယက ဆရာတော်များနှင့် ဆရာတော်ကြီးများ၏ သြဝါဒလမ်းညွှန်ချက်နှင့်အညီ ယခုနှစ်၌ အကျဉ်းချုံ့၍သာ ကျင်းပပြုလုပ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံက သိရသည်။

ထိုသို့ကျင်းပရာတွင် သံဃာတော်များက ပဋ္ဌာန်းတော်များရွတ်ဖတ်ပူဇော်ခြင်း၊ စေတီတော်မြတ်ကြီးအား အနေကဇာတင်ပူဇော်ခြင်း၊ စေတီတော်မြတ်ကြီးနှင့် ဝတ်ဆောင်အသီးသီးမှ ဆင်းတုတော်မြတ်များ၊ အထက်ပစ္စယံမှ ဆင်းတုတော်မြတ်များအား သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ နေမိန္ဒရဘုရားလမ်းရှိ ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်စာသင်တိုက်မှ သီလရှင်များဦးဆောင်၍ ဂေါပကအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များက ကြာသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း၊ အနုမောဒနာရေစက်ချ တရားနာယူပြီး ဘုရားအမှူးပြုသော သံဃာတော် ၂၈ ပါးတိုအား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ဆံတော်ရှင် မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့၌ ကျင်းပမြဲဖြစ်ပြီး ပွဲတော်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများ ပြုလုပ်ခြင်း၊ မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲကို စည်ကားစွာကျင်းပပြုလုပ်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဘုရားပွဲဈေး ဆိုင်တန်းများတိုဖြင့် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယမန်နှစ်မှစတင်ကာ ကိုဗစ်-၁၉ရောဂါကြောင့် ပွဲတော်ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)