MNP - ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ပင်လုံမြို့တွင် တည်ထားကိုးကွယ်အပ်သော မဟာရဌာဘိသာမဂ္ဂီ စေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားအား ၁၅-၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီက မဟာရဌာဘိသာမဂ္ဂီစေတီတော် လှိုဏ်ဂူတော်မြတ် အတွင်း၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားအား နမေတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ စေတီတော် ဩဝါဒစရိယဆရာတော်ကြီးများမှ ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင် လှူပူဇော်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် စေတနာရှင်အလှူရှင်များက ရတနာမြတ် (၃) ပါးအားကန်တော့၍ ပင်လုံမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တအဂ္ဂဝံသ ဆရာတော်ထံမှ (၉) ပါးသီလခံယူဆောက်တည်ခဲ့ပါသည်။ ဆက်လက်၍ စေတီတော်ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဗုဒ္ဓရုပ်ပွားတော်အား ရွှေကြာသင်္ကန်းကပ် လှူပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခြင်း၊ နဝကမ္မအလှူငွေနှင့် အလှူစာခြင်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပင်လုံမြို့ အောင်မင်္ဂလာ ဝမ့်အဲန်ကျောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တရာဇိန္ဒ မှ ရေစက်ချတရားချီးမြှင့်ခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ရတနာမြတ် (၃) ပါးအား ပြန်လည်ကန်တော့ပြီး အခမ်းအနားအား ''ဗုဒ္ဓသာသနာစိရံတိဌတု" (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ လှူဒါန်းမှုပြီး မြောက်ခဲ့ပါသည်။
အခမ်းအနားသို့ လွိုင်လင်တပ်နယ် တပ်နယ်မှူးဗိုလ်မှူးချုပ်သန်းထွန်းအောင်နှင့်ဇနီး၊ ပင်လုံမြို့ အမှတ် (၂) ဝန်တင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးစိုးနိုင်နှင့် အရာရှိ အရာခံများ၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပင်လုံတက္ကသိုလ်မှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ပင်လုံမြို့ အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ပါဝင် လှူဒါန်းခဲ့ကြောင်း သိရ သည်။
သတင်း - နန်းမြင့်မြင့်ဆွေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment