ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး




MNP - ဖေဖော်ဝါရီ     ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့်အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေး အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနှင့် သရက်တောကျေးရွာရှိ ဒေသခံ ကျေးလက်နေ ပြည်သူများ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်း အရှည်ပေ ၁ ဒသမ ၀၉၄ ကီလိုမီတာ အား လမ်းအကျယ် ၃ ဒသမ ၆၆ မီတာ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ကျေးရွာနေ ပြည်သူများ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာသို့ ရောက်ရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံ ငွေကျပ် ၉၅၀ သိန်းဖြင့် ဒေသခံကျေးလက်နေ ပြည်သူများ မုန်းချောင်းကမ်းပါးပြိုကျမှု အန္တရာယ်ကင်းဝေးစေရေးအတွက် အလျားပေ ၄၃၂ ပေ သုံးတန်းသွား ထန်းလုံးအခြေထိန်း (Geo–Bag) ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၁၀၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု အခြေအနေအား လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးရာ တာဝန်ယူ ဆောင်ရွက်သည့် စံညွှန်းသစ် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီက လုပ်ငန်းတည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ညောင်ခြုံ ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ဆေးထိုးအကြိမ် ပြည့်မီအောင် ထိုးနှံရေး၊ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ် အထူးဂရုပြု ကြိုတင်ကာကွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ချပြရှင်းလင်းဆွေးနွေး ပြောကြားကာ ဒေသခံ ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ပေတောကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ နှစ်စဉ် ကြုံတွေ့နေရသည့် မုန်းချောင်းကမ်းပါးပြိုကျမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးကာ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာသို့ သွားရောက်ပြီး ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအဝင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ကိုဗစ်-၁၉ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ရန်လုပ်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေး ဆွေးနွေးဟောပြောပြီး ဒေသခံပြည်သူများ၏ အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ရဲဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)