MNP - မတ် ၁၇
ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့် ငပလီကမ်းခြေတို့၌ မတ်လ ယမန်နေ့(တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းမှ စတင်ပြီးကျင်းပခဲ့ကြောင်း သိရသည်။
သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲကို စစ်တွေမြို့၌ သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး စစ်တွေမြို့ပေါ်မှ ယဉ်ကျေးမှုအဖွဲ့များ၊ စစ်တွေမြို့နှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက် ပါဝင်ဆင်နွှဲခဲ့ကြကာ၊ သံတွဲမြို့နယ် ငပလီကမ်းခြေ၌ လည်းကျင်းပခဲ့ကြကြောင်း သိရသည်။
ရခိုင်လူမျိုးတို့သည် တပေါင်းလပြည့်နေ့၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ သဲပုံစေတီတည်ကာ ပူဇော်လေ့ရှိသည့် ရခိုင်တို့၏ရိုးရာဓလေ့တစ်ခုဖြစ်သည်။ သဲပုံစေတီတည်ခြင်းအားဖြင့် မြတ်စွာဘုရားရှင်၏ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်သော ဂုဏ်တော်ကိုပူဇော်ရာရောက်ခြင်း၊ သဲပုံစေတီ တည်ခြင်းအားဖြင့် စပါးဆန်ရေများ ပွားများခြင်း၊ ဘေးအန္တရာယ်ကင်းဝေးခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်းနှင့် တိုင်း၊ပြည်၊ မြို့ရွာ အေးချမ်း သာယာခြင်းစသည့် အကျိုးကျေးဇူးများရရှိခြင်း တို့ကြောင့် ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။
သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို တပေါင်းလပြည့်နေ့တွင် ဒီရေကျချိန်၌ လူကြီး၊လူငယ်၊ လူလတ် များစုပေါင်း၍လည်းကောင်း၊ အဖွဲ့လိုက်၊ အစုလိုက်၊ မိသားစုလိုက် လည်းကောင်း သဲသောင်ပြင်တွင် ကျင်းပခြင်းဖြစ်ပြီး ရခိုင်သမိုင်းဝင် ဘုရားစေတီများနှင့် ပုထိုးတော်များ၏ ပုံတူများကို သဲများဖြင့် တည်ဆောက်ကာ တံခွန်၊ ကုက္ကား၊ ပန်းမာန်၊ ဆီမီးအမွှေးနံ့သာများဖြင့် ပူဇော်ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့၌ ၂၀၀၅ ခုနှစ်မှစတင်ကာ ပူဇော်ကျင်းပ လာသည်ကိုတွေ့ရပြီး သံတွဲမြို့နယ် ငပလီကမ်းခြေ၌လည်း စဉ်လာမပျက် ကျင်းပလျက်ရှိကြောင်း သိရသည်။
သတင်း - တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment