နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ ထံ ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ ထံ ပေးစာ


လေးစားအပ်ပါသော ဘဘဦးသိန်းညွန့်၊ ဘဘဦးခင်မောင်ဆွေတို့ ခင်ဗျာ -

ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD မဲလိမ်မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းလမ်းနဲ့ ရယူဖို့ ကြိုးစားတဲ့ အခြေအနေမှာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်အရ တိုင်းပြည်အာဏာကို လွှဲပြောင်းရယူခဲ့တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဝမ်းပမ်းတသာ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။


တပ်မတော်က တိုင်းပြည်အာဏာကို လွှဲပြောင်းရယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းတဲ့အချိန်မှာလည်း နိုင်ငံရေးပါတီတွေက တိုင်းရင်းသားခေါင်းဆောင်အသီးသီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအဖြစ် ထည့်သွင်းပြီး ဖွဲ့စည်းခဲ့တဲ့ ထပ်ဆင့်ဂုဏ်ပြုကြိုဆိုပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ပါတီတွေက ခေါင်းဆောင်တွေ ပါဝင်နေတာဖြစ်တဲ့အတွက် ဒီအစိုးရမျိုးဟာ ကျွန်တော်တို့ မျှော်လင့်တောင်းတနေတဲ့ ပြည်ထောင်စုအစိုးရ အစစ်အမှန်ပဲလို့ ဂုဏ်ယူမိပါတယ်။


ရခိုင်ပြည်သူတွေ ကိုယ်စားပြုဒေါ်အေးနုစိန်၊ ကရင်ပြည်သူတွေ ကိုယ်စားပြု ဖဒိုမန်းငြိမ်းမောင် အစရှိသဖြင့် ကိုယ်စားပြုမှုအရ ကြည့်မယ်ဆိုရင် ဘဘဦးသိန်းညွန့်၊ ဘဘခင်မောင်ဆွေတို့ဟာ ဗမာလူမျိုးကိုယ်စားပြုသဘောကို သက်ရောက်ပါတယ်။ သို့ပေသော် ဘဘတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှု ပုံရိပ်တွေကို ပြန်လည်လေ့လာကြည့်တဲ့အခါ ဗမာလူမျိုးအတွက်သာ သီးခြားဆောင်ရွက်တာမျိုးမဟုတ်ဘဲ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံးအရေးအတွက် အလေးထားပြီး ဆောင်ရွက်ခဲ့ကြတာကို မြင်တွေ့ရပါတယ်။


တခြားသောခေါင်းဆောင်တွေကတော့ မိမိလူမျိုးအတွက် ပိုမိုအလေးထားဆောင်ရွက်ကြတယ်။ ဒါလည်း အပြစ်ပြောဖွယ် မရှိပါဘူး။ အမျိုးသားရေးစိတ်ဓာတ်နဲ့ မိမိလူမျိုးအတွက် ရပ်တည်ဆောင်ရွက်ခြင်းဟာ မင်္ဂလာဖြစ်ပါတယ်။


ယနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ကျွန်တော်တို့ ဗမာတိုင်းရင်းသားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေအပေါ် မူတည်ပြီး တိုင်တည်ပြောပြစရာဆိုလို့ ဘဘဦးသိန်းညွန့်၊ ဘဘဦးခင်မောင်ဆွေတို့ပဲ ရှိတယ်လို့ ယုံကြည်တဲ့အတွက် ဘဘတို့ နှစ်ဦးကို တိုင်တည်ပြီး ရေးသားခြင်းပဲဖြစ်ပါတယ်။


ယခု လက်ရှိ မြန်မာပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေတယ်။ ဘယ်သူတွေက ဦးဆောင်ပြီး လှုံ့ဆော်သလဲလို့ မေးမယ်ဆိုရင် ဗမာတွေကပဲ နိုင်ငံရေးဆူပူမှုကို ဦးဆောင်နေကြတယ်။ ဘယ်သူတွေက အကြမ်းဖက်နေသလဲလို့ မေးရင်လည်း ဗမာလူငယ်အများစုပဲ အကြမ်းဖက်သမားလေးတွေ ဖြစ်နေကြတယ်။ နောက်ဆုံး ဘယ်သူတွေ အသတ်ခံနေရသလဲလို့ မေးပြန်ရင် ဗမာတွေပဲ အသတ်ခံနေရတယ်။ ဒါတွေက အထူးပြောဖို့ မလိုတဲ့ အကြောင်းအရာတွေပါ။ ဗမာတွေ အချင်းချင်း ပြန်သတ်နိုင်အောင် အကြမ်းဖက်သင်တန်းပေးနေတာ ဘယ်သူတွေလဲ၊ လက်နက်ငွေကြေး ထောက်ပံ့ပေးနေတာ ဘယ်သူတွေလဲ ဆိုတာကတော့ အလေးထားစဉ်းစားရမယ့် ပြဿနာဖြစ်လာပြီ။ တိုင်းတပါးက လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက်သင်တန်းပေးနေတာကို ဘဘတို့လည်း သိရှိပြီး ဖြစ်မှာပါ။


တိုင်းပြည်ကို ဥပဒေနဲ့ အုပ်ချုပ်တယ်။ ဥပဒေကို လူတွေက လိုသလိုသုံးတယ်။ ဥပဒေစိုးမိုးရေးလို့ ပါးစပ်ကပြောပြီး လက်တွေ့မှာတော့ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားတွေကို ဥပဒေအရ တိကျပြတ်သားစွာ ဆောင်ရွက်ရမယ့်အစား ငဲ့ညှာသနားတယ်။ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားတွေကြောင့် အတိဒုက္ခရောက်နေရသူတွေ ခမျာမှာတော့ ယနေ့တိုင်အောင် ကူရာမဲ့ ကယ်သူမဲ့ ဖြစ်နေကြဆဲပါပဲ။


NLD အစွန်းရောက်တွေ အကြမ်းဖက်နေတဲ့ ဒီကာလမှာ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်ကို အလွန်အားကျမိတယ်။ NLD အစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုတွေမှာ မပါဝင်ကြဘူး။ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်တာမျိုးမရှိဘူး။ ယုတ်မာရက်စက်တာမျိုး မရှိဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန် ဆိုရင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လိုက်လံဆောင်ရွက်ပေးနေတာကို မြင်ရတယ်။ ဘယ်လောက်အားကျဖို့ ကောင်းလိုက်သလဲ။


ဘဘတို့ရေ ကျွန်တော်တို့ ဗမာတွေမှာတော့ အချင်းချင်းရန်လိုအမုန်းပွား တိုင်းတပါးက အထောက်အပံ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက သင်ပေးတဲ့ အကြမ်းဖက်နည်းနဲ့ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်နေကြတဲ့ မြင်ကွင်းတွေက စိတ်ချမ်းမြေ့စရာ တစ်စက်ကလေးတောင် မရှိပါဘူး။ လူအချင်းချင်း သတ်ဖြတ်ရုံမျှမက ဆရာတော်သံဃာတော်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ဆရာ/ ဆရာမ၊ ကျန်းမာရေးဝန်ထမ်းပါ မကျန် သတ်ဖြတ်နေကြတယ်။ ယုတ်မာ ရက်စက် ရိုင်းစိုင်းမှုတွေက ကမ်းကုန်သွားပြီ။ ဘာနဲ့မှ နှိုင်းယှဉ်ပြီး ပြောပြလို့ မရတော့ဘူး။ ကမ္ဘာ့အဆိုးရွာ အရက်စက်ဆုံး IS အကြမ်းဖက်အဖွဲ့ထက်ကို သာလွန်သွားပြီဆိုမှဖြင့် ဘာနဲ့ နဲ့ယှဉ်ပြတော့မလဲ။


အဲဒီလို လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားတွေကို ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူရမယ့် အစား ဥပဒေအလွဲသုံးစားလုပ်ပြီး သနားညှာတာနေတာ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုတဲ့ လုပ်ရပ်လို့ ရှုမြင်ရမလား။ ထပ်ပြီး ဇောင်းကြွလာအောင် လုပ်ပေးနေတာလို့ ရှုမြင်ရမလား။


ဘဘတို့အနေနဲ့ နိုင်ငံတော်အဆင့် ဦးဆောင်နေတဲ့ ကာလမှ မိမိတို့ လူမျိုးဟာ အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့စွာ မိုက်မဲနေတာတွေကို ဘယ်လိုထိန်းကျောင်းမလဲ။ အကောင်းဆုံးနည်းလမ်းတွေ ရှာကြံပြီး လမ်းမှန်ပေါ်ရောက်အောင် တင်ပေးခဲ့ကြပါအုံးလို့ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်။


ဘဘတို့ အနေနဲ့ ဘယ်လိုမှ မစွမ်းနိုင်တော့ပါဘူးဆိုရင်တော့ အသားထဲက လောက်ထွက် သူခိုးကို ဓားရိုးကမ်းပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်နေတဲ့ အစွန်းရောက် အကြမ်းဖက်တွေရဲ့ လူမဆန်စွာ ရက်စက်ယုတ်မာမှုဒဏ်တွေကို အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအနေနဲ့ အသက်တွေ စတေးပြီး ဆက်လက်ရင်ဆိုင်နေကြရအုံးတော့မပေါ့။


အမည်မဖော်ရဲသူ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)