ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူ များ မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်၊ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ စုဆောင်းထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူ များ မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်၊ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ စုဆောင်းထားရှိ





MNP ၊ မတ် ၂၂

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖြင့် မြို့နယ်၊ ကျေးရွာအသီးသီးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးခြင်းများ၊ မုန်တိုင်းနှင့် သဘာဝအန္တရာယ်ကျရောက်ပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများ၊ အရေးပေါ်ဖြစ်ပေါ်လာပါက စုဝေးရမည့် နေရာနှင့် လမ်းကြောင်းများ၊ ပြောင်းရွှေ့နေထိုင်ရမည့် အဆောက်အဦနေရာများအား ကြိုတင်ပြင်ဆင်ခြင်းများ၊ ဦးစားပေးကယ်ဆယ်ရမည့် အုပ်စုများအား အရေးပေါ် အသက်ကယ်ဆယ်နည်းများဖြင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို စနစ်တကျ လမ်းညွှန်အသိပေးခြင်းများနှင့် အချိန်နှင့်တစ်ပြေးညီ သတင်းရယူပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရရုံး၌ command center ဖွင့်လှစ်ထားပြီး တပ်မတော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၄ နာရီ စုပေါင်းရုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယခုအခါ မုန်တိုင်းငယ်သည် အားကောင်းသည့်အဆင့်သို့ ရောက်ရှိလာ၍ မုန်တိုင်းဝင်ရောက်ချိန်နီးကပ်လာသောကြောင့် ကမ်းရိုးတန်းဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများအား မုန်တိုင်းဘေးလွတ်ရာနေရာများ၊ ကုန်းမြင့်နေရာများသို့ ပြောင်း ရွှေ့နေထိုင်ကာ ညွှန်ကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ကြစေရေး သက်ဆိုင်ရာ အဖွဲ့များက တိုက်တွန်းနှိုးဆော်၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်တွေ မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ၄ ရွာမှ အိမ်ထောင်စု ၅၄ စု၊ ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ၁၈ ရွာမှ အိမ်ထောင်စု ၁၂၇၀၊ ရမ်းဗြဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ၄ ရွာမှ အိမ်ထောင်စု ၅၁၉ စု၊ မာန်အောင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ၃ ရွာမှ အိမ်ထောင် စု ၄၀ စု၊ စုစုပေါင်း အိမ်ထောင်စု ၁၈၈၃ စုမှ လူဦးရေ ၇၄၄၉ ဦးတို့ကို သက်ဆိုင် ရာမြို့နယ်များအလိုက် ယာယီခိုလှုံရန် သတ်မှတ်ထားသည့် မုန်တိုင်းဒဏ်ခံ Cyclone Shelter အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ ဘေးကင်းစွာပြောင်းရွှေ့နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။


ထို့အပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်တွင် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုကော်မတီများ၏ အစီအစဉ်ဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ယာယီ ခိုလှုံနေထိုင်သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် စားနပ်ရိက္ခာ နှင့် အသုံးအဆောင်ပစ္စည်းများ အသင့်စုပုံထားရှိကြောင်း သိရသည်။


အလားတူ မုန်တိုင်းကြောင့် ရေလွှမ်းမိုးနိုင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ နောက်မီးအနောက်ကျေးရွာရှိ အိမ်ထောင်စု ၈၉ စု၊ မင်္ဂလာသောင်တန်း ကျေးရွာရှိ အိမ်ထောင်စု ၈၂ စု၊ တောကျိုးကျေးရွာရှိ အိမ်ထောင်စု ၂၆ စုနှင့် ဘိုကလေး မြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာရှိ အိမ်ထောင်စု ၇၂ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၆၉ စုတို့ကို ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ သက်ဆိုင်ရာမြို့နယ် အသီးသီး၌ ယာယီပြင်ဆင်ထားရှိသော မုန်တိုင်းဒဏ်ခံ အဆောက်အဦများရှိရာသို့ ကြိုတင်ကူညီ ပြောင်းရွှေ့ပေးသည်။


၎င်းအပြင် လပွတ္တာမြို့၊ ကိုးနဝင်းကျောင်းတိုက်နှင့် လေးထပ်စာသင်တိုက်တို့တွင် ပြောင်းရွှေ့ထားရှိသော ကိုင်းတောင်ကျေးရွာ၊ ရေဝေကျေးရွာ၊ ရွှေကျွန်းသာကျေးရွာ၊ ကုက္ကိုလ်ကျေးရွာ၊ စွယ်တော်ကျေးရွာ၊ ကွင်းပေါက်ကျေးရွာနှင့် မန်ကျည်းကျောင်း ကျေးရွာတို့မှ မုန်တိုင်းရှောင်ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ဆန်၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)