MNP ၊ မတ်၂၈
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ပျက်ကွက်ခဲ့သည့် ပြည်သူများအား ကျန်ရှိခြင်းမရှိစေရန်အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက်ကွင်းဆင်း၍ စနစ်တကျ စာရင်းကောက်ခံယူခြင်းနှင့်ပတ်သက်၍ သင်တန်းပို့ချ ဆွေးနွေးခြင်းကို ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့ နေ့လယ်( ၁ )နာရီကပြုလုပ်သည်။
အဆိုပါ သင်တန်းပို့ချ ဆွေးနွေးခြင်းကို ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးကျော်ဝင်းမှ ပေါက်တောမြို့နယ်အတွင်း ကျေးရွာအုပ်စု(၅၈)အုပ်စုမှ တက်ရောက်လာကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ Volunteer များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ထပ်မံ၍ကျန်ရှိခြင်းမရှိရအောင် တစ်အိမ်ဝင် တစ်အိမ်ထွက် ကွင်းဆင်း၍ စနစ်တကျစာရင်းကောက်ခံ ယူနိုင်ရန် သင်ကြား ပို့ချဆွေးနွေးပေးပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မေးမြန်းချက်များအပေါ်ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါစာရင်းကောက်ခံရာတွင် အမည်၊ အဘအမည်၊ မွေးသက်က္ကရာဇ်၊ အသက်၊ ကျား/မ၊ နေရပ်လိပ်စာ၊ ပျက်ကွက်သည့်အကြောင်းအရင်းများကို စနစ်တကျ မှန်မှန်ကန်ကန် ရေးသွင်းကြစေရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စာရင်းကောက်ခံယူနေကြသည့် အဖွဲ့များအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုလည်း လမ်းညွှန်မှာကြားခဲ့သည်။ ယင်းသင်တန်းပို့ချ ဆွေးနွေးခြင်းကို မတ်လ (၂၇) ရက်နေ့မှ မတ်လ(၂၈)ရက်နေ့အထိ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment