လွိုင်ကော်မြို့၌ နိုင်ငံတော် ဩဝါဒါစရိယ မင်းကျောင်းပရိယတ္တိစာသင်တိုက် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်၏ ခန္ဓာဝန်ချ(၁)လပြည့် အထိမ်းအမှတ် ပူဇာသဘင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ နိုင်ငံတော် ဩဝါဒါစရိယ မင်းကျောင်းပရိယတ္တိစာသင်တိုက် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်၏ ခန္ဓာဝန်ချ(၁)လပြည့် အထိမ်းအမှတ် ပူဇာသဘင် ကျင်းပ





MNP - မတ်    ၂၀

နိုင်ငံတော် ဩဝါဒါစရိယ မင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန မဟာနာယက ဖြစ်တော်မူသော ကျေးဇူးတော်ရှင် သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု ၊ အဂ္ဂမဟာပဏ္ဍိတ ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်၏ ခန္ဓာဝန်ချ(၁)လ ပြည့်အထိမ်းအမှတ် ပူဇာသဘင်ကို ယနေ့နံနက် ၉နာရီအချိန် က လွိုင်ကော်မြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ပူဇာသဘင်သို့ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ် အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ) အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ဆက်လက်၍ မင်းကျောင်းပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘုရားကြီး၏ တပည့်ဖြစ်တော်မူသော ဘဒ္ဒန္တပညောဘာသမှ နိုင်ငံတော်ဩဝါဒါစရိယ၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် မဟာထေရ်၏ ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ) အရှင်သူမြတ်က ဖတ်ကြားပူဇော်ခဲ့သည်။

ဆက်လက်ပြီး  ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကိုဖတ်ကြားပူဇော်ခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့ဝင်၊ အတွင်းရေးမှူး ဦးအံ့မော် က ဖတ်ကြားပူဇော်ခဲ့သည်။

ထို့နောက် မင်းကျောင်းပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘုရားကြီး၏ တပည့်ဖြစ်တော်မူသော ဘဒ္ဒန္တဇာဂရက “ပစ္ဆိမ ဝန္ဒနာ” ဂါထာကို ပူဇော်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူတော်ငွေကျပ် ၂၇၅၀၀၀၀ အား ပြည်နယ်ဝန်ကြီးချုပ်က လှူဒါန်းခြင်းနှင့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား အခမ်းအနား တက်ရောက်လာကြသူများနှင့် စေတနာရှင် အလှူရှင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်လက်လှူဒါန်းခဲ့သည်။

ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ) အရှင်သူမြတ်ထံမှ ရေစက်ချတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့မှ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)