MNP - မတ် ၁၁
မိုးကြို၊ မိုး၊ ဆောင်း၊ ရာသီအလိုက် စိုက်ပျိုးသော သီးနှံများအတွက် တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင် ယနေ့နံနက် ၉ နာရီခွဲမှစတင်၍ တောင်သူများအား မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရာတွင် တောင်ကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စုမှ လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိပြီးဖြစ်သော တောင်သူ ၉၆ ဦးအတွက် မိုးကြိုစိုက်ပျိုး စရိတ်ချေးငွေစုစုပေါင်း ၈၀၄၀၀၀၀၀ ကျပ်ကို ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် ကျန်ကျေးရွာ အုပ်စုများကိုလဲ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တောင်ကြီးဘဏ်ခွဲ မန်နေဂျာထံက သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးကြို၊ မိုး၊ ဆောင်း၊ ရာသီအလိုက် စိုက်ပျိုးသောသီးနှံများအတွက် တောင်သူလယ်သမားများလိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို လုံလောက်စွာဖြင့် နှစ်စဉ်အချိန်မီထုတ်ချေးပေးသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်သည့် အကျိုးကျေးဇူးများရရှိကြောင်း တောင်သူတစ်ဦးထံက သိရသည်။
သတင်း - ဇော်နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment