MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ရမ်းဗြဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် သဘာဝဘေး ကာကွယ်တားဆီးရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်သတင်းနှင့် အသိပညာပေးလုပ်ငန်းဆပ်ကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ်သတိပေးချက်အား ပြည်သူများ သိရှိစေရေးနှင့် ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ပင်လယ်ကမ်းခြေ အနီးရှိ ကျေးရွာများသို့ အသိပေး နိူးဆော် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေး နှိုးဆော်မှုများကို ဆောင်ရွက်ရာတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၁/ ၂၀၂၂)အရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ၊ မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း၊ နောက်နာရီ(၃၀)အတွင်းခန့်မှန်းချက်၊ သတိပေးနှိုးဆော်ချက်များနှင့်အကြံပြုချက်များကို အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
အဆိုပါ မုန်တိုင်းငယ် သည် ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ သည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ၊ ထိုမုန်တိုင်းငယ်မှာ မြန်မာနိုင်ငံကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်းအနီးသို့လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်းရောက်ရှိနိုင်မည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းငယ်သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြပါရှိကြောင်း သိရသည်။
သတင်း - မင်းသိန်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment