MNP - မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ရှုခင်းသာ၊ ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာ ကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့် (၁၈၁)ပေခွဲ၊ အတောင် (၁၂၁)တောင်ရှိ ရွှေတိဂုံစေတီပုံတူ မဟာအတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး တည်ထားတော်မူရန်အတွက် မဏ္ဍိုင်ပိုင်ရိုက်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့မှ "မေတ္တာသုတ်နှင့် ဇယန္တောဗောဓိယာမူလေ" အစရှိသော ဂါထာတော်တို့အား သုံးခေါက်ရွတ်ဖတ်ပူဇော်ခြင်း၊ အခမ်းအနားမှူးမှ အောင်ဂါထာတို့ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ စေတီတော်အလယ် မဏ္ဍိုင်ပိုင်ရိုက်မည့်နေရာအား အလှူရှင် ဦးကျော်ဝမ်းမှ ဗုဒ္ဓဂါယာအောင်မြေ ဖြန့်ကျက်ခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက အမွှေးနံ့သာရေဖြင့် ပက်ဖြန်းသွန်းလောင်းခြင်းများ ဆောင်ရွက်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့မှ မဏ္ဍိုင်ပိုင်ရိုက် စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ကေခိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment