၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ဟားခါးမြို့၊ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ဟားခါးမြို့၊ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ

 


MNP - မတ်    ၁၇

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဇေတဝန်တောရစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ အရှင်မြတ်ထံမှ ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖက်သရဇ္ဇျယ်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၂၂ ဖြင့် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းခြင်းခံရသည့် ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာ၊ လုံလဲရ်သာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ အရှင်သူမြတ်အား ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းခြင်းခံရသည့် ဟားခါးမြို့၊ သုခိတာရုံသာ သနာပြုသီလရှင် စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်သြဘာသီအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သိန်းသိန်းမော်က လည်းကောင်း ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပြီး ပင့်သံဃာတော်များအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်နှင့် ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျောဘုတ် သာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညောဘာသ၊ မဟာသဒ္ဓမ္မဇောတိကဓဇ အရှင်မြတ်ထံမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံ တဋ္ဌတု” သုံးကြိမ်ရွက်ဆို ဆုတောင်း၍ ရတနာ ရွှေမိုး ငွေမိုး ရွာသွန်းဖြိုးကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)