၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုသည့်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုသည့်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက ကြည့်ရှုအားပေး







MNP ၊  မတ်  ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉  ရောဂါဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း များကို ဆရာ၊ ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၉)ဦးတွင် ဖြေဆိုသူ (၈၇)ဦး၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၄၁)ဦးတွင် ဖြေဆိုသူ (၄၉၆)ဦး၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန(၉)ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၉၆၄)ဦးတွင် ဖြေဆိုသူ စုစုပေါင်း(၁၈၄၇)ဦး၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန(၅)ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၁၂၀)ဦးတွင် ဖြေဆိုသူ စုစုပေါင်း(၂၀၀၀)ဦး၊ ဥတ္တရသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန (၆)ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၆၉)ဦးတွင် ဖြေဆိုသူ စုစုပေါင်း(၉၉၉)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အလားတူ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စာစစ်ဌာန (၂)ခုတွင်လည်းကောင်း၊ အခြေခံ ပညာအထက်တန်းကျောင်း(ခေါင်လန်ဖူးမြို့)တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ဘောလခဲ) တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ထားဝယ်မြို့တို့ရှိ  အခြေခံပညာအထက်တန်းကျောင်းများ၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အခြေခံပညာအထက်တန်းကျောင်းများနှင့် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများ၌လည်းကောင်း၊ ရန်ကုန်မြို့ရှိ (အောင်ဆန်းသူရိယ လှသောင်းကျောင်း)၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်နှင့် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌လည်းကောင်း အသီးသီးဝင်ရောက်ဖြေဆိုလျက်ရှိပြီး အခြားမြို့နယ်များ၌လည်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိ သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာကို စတင်ဖြေဆိုပြီး ဧပြီ ၁ ရက် သောကြာနေ့တွင် အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် စနေနေ့တွင် သချာင်္ဘာသာရပ်များကို ဖြေဆိုသွားမည်ဖြစ်ပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး  ဧပြီ ၄ ရက် တနင်္လာနေ့တွင် ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့တွင် ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မတ် ၉ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနနှင့် စာဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၇၁) ခရိုင်၊ မြို့နယ်ပေါင်း(၃၂၁) မြို့နယ်၊ စာစစ်ဌာနပေါင်း(၁၂၅၆)ဌာနတို့တွင် စာရင်းသွင်းဦးရေ ကျောင်းတွင်း ဖြေဆိုမည့်သူ (၂၀၀၇၆၈) ဦးနှင့် အလွတ်ဖြေဆိုမည့်သူ (၁၁၁၅၃၁) ဦး၊ စုစုပေါင်း (၃၁၂၂၉၉) ဦး ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)