အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ


MNP ၊ မတ် ၁၈

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယ‌နေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) တို့အကြား “အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်း စီမံချက်” ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ Plan of Action သက်တမ်းကာလ ၁၈ လဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် Plan of Action သက်တမ်းကာလ ၁၈ လ ပြည့်မြောက်ခဲ့သော်လည်း လုပ်ငန်းကိစ္စများ မပြီးပြတ်သဖြင့် ၆ လနှစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ကြောင်း။

ဒုတိယအကြိမ်သက်တမ်း ၆ လ ကုန်ဆုံးသည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နောက်ပိုင်းမှစ၍ Plan of Action အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်း မရှိတော့ဘဲ Indicator 21 ချက်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် CTFMR နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ် ချက်အရ Indicator 21 ချက်မှ Indicator 11 ချက်အထိ လျှော့ချကာ ဆောင်ရွက်ခဲ့ကြောင်း၊ Plan of Action စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ ယနေ့အချိန်အထိ အဆိုပါ လုပ်ငန်းစီမံချက်အပေါ် လိုက်နာဆောင်ရွက်မှု အနေဖြင့် CTFMR နှင့် ပူးပေါင်းပြီး တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် ၁၀၂၉ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း။

ဆက်လက်၍လည်း  မှားယွင်းစုဆောင်းခြင်းခံခဲ့ရသည်ဟု စိစစ်တွေ့ရှိရသည့် အသက်မပြည့် စစ်သည် ၂၈ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အရွယ်မရောက်သေး သူ ကလေးသူငယ်များနှင့် ဆန္ဒမပါသူများကို မှားယွင်း စုဆောင်းခဲ့သည့် တာဝန်ရှိသူအရာရှိ ၊ စစ်သည်များကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့ တပ်မတော်နှင့် CTFMR တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ကလေး သူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲပါ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက် နိုင်ရေး စောင့်ကြည့်ကာလတစ်နှစ် သတ်မှတ်ပေးခဲ့ကြောင်း။

စောင့်ကြည့်ကာလအတွင်း တပ်မတော်အနေဖြင့် တပ်သားသစ် စုဆောင်းရေးကဏ္ဍ၌ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဤသို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ် များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ မထုတ်ပြန်မီ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ် ပြန်လည်စာရင်းသွင်းခဲ့ကြောင်း၊ ထိုသို့ ပြန်လည်စာရင်းသွင်းခံရသော်လည်း တပ်မတော်အနေဖြင့် ကော်မတီ အစည်းအဝေးများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် CTFMR သို့ အသိပေးဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ “မိမိတို့ဘက်မှ လုပ်နိုင်သည့် အချက်များအား နည်းလမ်းတကျ ဆောင်ရွက်ပြီး CTFMR ဘက်သို့ အသိပေးပါရန်” ဟု မှတ်ချက် ပြုခဲ့ကြောင်း။

CTFMR သို့ အဆင့်တူပူးပေါင်း ဆောင်ရွက်ရန် မြန်မာဘက်မှ လမ်းကြောင်းမျိုးစုံဖြင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်၏ အကောင်အထည်ဖော် ဆောင်ရွက်ချက်များကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိ ပက္ခဆိုင်ရာအထူးကိုယ်စားလှယ် Ms.Virginia Gamba ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အကြောင်းပြန်ထားရှိကြောင်း မြန်မာ့ တပ်မတော်အနေဖြင့် ကတိကဝတ်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များနှင့်  ရုံး/ဌာန တာဝန်ရှိသူများက အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှေ့လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရုံး/ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)