MNP မတ် ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ လိန်ပင်ကျေးရွာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် တန် ၁၀၀ နေခြည် သဘာဝဇီဝမြေဩဇာ ရှေ့ပြေး စမ်းသပ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွန်းနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်တို့က သဘာဝဇီဝ မြေဩဇာထုတ်လုပ်မှုနည်းစဉ်နှင့် အရည်အသွေးစစ်ဆေးခြင်း၊ ထုတ်ကုန်အသစ်ပြင်ဆင်ခြင်းတို့ကို ရှင်းလင်း တင်ပြကြရာ တက်ရောက်လာကြသော ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး မန္တလေးမြို့ရှိ တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများကို တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၊ သိပ္ပံနှင့်ကျောင်းများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အလွန်အရေးကြီးပါကြောင်း၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စာသင်ခန်းများ လက်တွေ့ခန်းများနှင့် စာကြည့်တိုက်များ ပိုမိုတိုးတက်ကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်ထားရှိနိုင်ရေး၊ တက္ကသိုလ်၊ သိပ္ပံနှင့် ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပစေရေးနှင့် မိုးရာသီ ကာလအတွင်း သစ်ပင်ပန်းပင်များ အရိပ်ရအပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားသည်။
ထို့နောက် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်က တာဝန်ထမ်းဆောင် လျက်ရှိသော အိန္ဒိယပညာရှင်များနှင့် သင်ကြားသင်ယူဆောင်ရွက်နေမှုများကို တင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်တို့က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment