MNP - မတ် ၁၇
သာသနာနှစ် ၂၅၉၅ ၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မြစ်ကြီးနားမြို့၊ မင်းရပ် ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်သာသနာရေးမှူး ဦးယဉ်မောင်ထွေးက အခမ်းအနားဖွင့် စာတမ်းကို ဖတ်ကြားပြီး ကချင်ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မိုးကောင်းမြို့ မဟာတိလောကာရာမကျောင်းတိုက် ပဓါနဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆပ်တော်ရ မဟာဂန္ဓာရုံကျောင်းတိုက်မှ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်ဆရာတော်(ရွှေကျင်) ဘဒ္ဒန္တဟိတေသိတက သမ္မောဒနီယသြဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သာသနာတော်ဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ကချင်ပြည်နယ်အတွင်းမှ ဘွဲ့တံဆိပ်တော်ရ ရဟန်း/ သံဃာတော် (၆)ပါးတို့အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများက ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၃)ပါးတို့အား လည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်နေသူ ဦးအောင်အောင်အား ဘွဲ့တံဆိပ်တော် ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မှ သာသနာ့ဗိမ္မာတော်ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းခဲ့ပြီး အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment