ကျောက်ကြီးမြို့နယ်၌ နနွင်းဈေးကောင်းရ၍ နနွင်းစိုက်တောင်သူများ စီးပွားဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ နနွင်းဈေးကောင်းရ၍ နနွင်းစိုက်တောင်သူများ စီးပွားဖြစ်ထွန်း



MNP - မတ်   ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ နနွင်းဈေးကောင်းရ၍ နနွင်းစိုက် တောင်သူများ စီးပွားရေးအဆင်ပြေကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် နနွင်းပင်အား ဘောင်စနစ်ဖြင့် မိုးရာသီ မိုးဦးကာလတွင် စိုက်ပျိုးကြပြီး တစ်နှစ်စိုက်ပျိုးပြီးသား နနွင်းပင်အား လာမည့်နှစ် မိုးရာသီတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် ပျိုးဘောင်များချန်ထားပြီး၊ ဆောင်းရာသီ လလယ်လောက် စိုက်ပျိုးချိန်ရောက်မှ အဆိုပါ ပျိုးဘောင်များမှ နနွင်းတက်များ တူးဖော်ပြီး စိုက်ပျိုးရကြောင်း၊ နနွင်းပင်က ရေမကြိုက်သည်အတွက် ကုန်ကျတဲ့နေရာများတွင် စိုက်ပျိုးရကြောင်း၊ နနွင်းပင်အား စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ (၆)လ လောက်ကြာမြင့်ပြီး တူးဖော်ရရှိပြီး နနွင်းတက်များအား သန့်စင်၍ ရေနွေးဖြင့် အလော်တော် ပြုတ်ရကြောင်း၊ နနွင်းပြုတ်တဲ့အပေါ် မူတည်၍ နနွင်းမှုန့် ပြန်ကြိတ်တဲ့ အချိန်ကြလျှင် နနွင်းအရောင် နှစ်ရောင် သုံးရောင် ထွက်ရှိတတ်ကြောင်း၊ နနွင်းတက်အစို (၂၅) ပိဿာကို ပြုတ်ပြီးနေလှန်းလျှင် နနွင်းအတက်ခြောက် (၅) ပိဿာ ရရှိကြောင်း၊ ပြုတ်ပြီးသား နနွင်းတက်များအား နေပူလှန်း အခြောက်ခံပြီး နနွင်းတက်အခြောက်များကို ကြိတ်စက်ဖြင့် ပြန်ကြိတ်မှ အော်ဂင်းနစ်စစ်စစ် နနွင်းမှုန့်ကိုရရှိကြောင်းနှင့် နနွင်းတက်အခြောက်အတက် (၁) ပိဿာကို ကြိတ်လိုက်ရင် နနွင်းမှုန့် (၁)ပိဿာ ထွက်ရှိကြောင်း နနွင်းစိုက်ပျိုးတောင်သူ တစ်ဦးပြောပြချက်အရ သိရသည်။

ကျောက်ကြီးမြို့တွင် လက်ရှိ နနွင်းအစိုအတက် တစ်ပိဿာကို (၁၀၀၀)ကျပ်နှုန်း၊ နနွင်းတက် နေပူလှန်းပြီးသား အခြောက်အတက် တစ်ပိဿာကို (၅၅၀၀)ကျပ်နှုန်း၊ ကြိတ်ပြီးသား နနွင်းမှုန့် တစ် ပိဿာ ကို (၆၀၀၀)ကျပ်နှုန်း ရောင်းချရပြီး၊ လက်ကားအရောင်းဆိုင်များတွင် နနွင်းမှုန့် (၁) ပိဿာကို (၇၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ထိုအပြင် ကျောက်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်ကျင်မြို့နယ်များ ကျေးရွာများကိုသာ ဖြန့်ဖြူးရောင်းချခြင်း၊ ကျောက်ကြီးမြို့မှ ရန်ကုန်မြို့၊ တောင်ငူမြို့များရှိ ပွဲရုံများဖြင့် ချိတ်ဆက်ပို့ဆောင် ရောင်းဝယ်ကြသဖြင့် တွက်ခြေကိုက်ပြီး အဆင်ပြေကြောင်း နနွင်းအတက်ခြောက် ရောင်းဝယ် လုပ်ကိုင်နေသူတစ်ဦး ပြောပြချက်အရ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)