MNP ၊ မတ် ၁၈
စိုက်ပျိုးရေးဦးစီးဌာန၏ (၄) ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက လယ်ယာစီးပွား လုပ်ငန်း ပိုမိုကောင်းမွန် လာအောင် တီထွင်ကြံဆ လုပ်ဆောင်လိုစိတ်သည် လုပ်ငန်းအောင်မြင်ရေးအတွက် အဓိကစွမ်းအားတစ်ခု ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနများ ဖော်ထုတ်ခြင်း၊ တွေ့ရှိချက်များ မျှဝေ ဖလှယ်ခြင်းနှင့် အကြံပြုဆွေးနွေးခြင်းအပြင် သုတေသနရလဒ်များကို အသုံးပြုမည့်သူများလက်ဝယ် ရောက်ရှိ စေရေးကိုလည်း ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ နည်းပညာပြန့်ပွားရေး လုပ်ငန်း ဆောင်ရွက်နေ သူများ အနေဖြင့်လည်း တောင်သူများ၏လိုအပ်ချက် တုန့်ပြန်မှုနှင့် လက်တွေ့မြေပြင် အခြေအနေမှန်များကို သိရှိအောင် ကြိုးပမ်းကြစေလိုကြောင်း၊ ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာကို အကျိုးရှိထိရောက်စွာ အသုံးပြု ရမည်ဖြစ်ကြောင်း၊ သုတေသနဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ဖြစ်စေရေးအတွက် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကများနှင့်ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စာတမ်း ဖတ်ပွဲကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စာတမ်းဖတ်ပွဲအကဲဖြတ် အမှတ်ပေးစည်းမျဉ်းများကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားတင်ပြပြီး စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နေပြည်တော် စိုက်ပျိုးရေး ဦးစီးဌာနရုံးချုပ်ရှိ လူငယ်စွန့်ဦး ပညာရှင်များ၊ စာတမ်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ လူငယ်စွန့်ဦး ပညာရှင်များ နှင့် စာတမ်းရှင်များက အွန်လိုင်း စနစ်ဖြင့် တက်ရောက်ကြသည်။
စိုက်ပျိုးရေးဦးစီးဌာန လူငယ်စွန့်ဦး ပညာရှင်များအဖွဲ့က ကြီးကြပ်၍ သီးနှံကဏ္ဍဖွံ့ဖြိုးဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ ခေါင်းစဉ်ဖြင့် ကျင်းပသည့်စာတမ်းဖတ်ပွဲကို စိုက်ပျိုးရေးဦးစီးဌာနရှိ လူငယ် ပညာရှင်များကို စိုက်ပျိုးရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၏ အတွေ့အကြုံများကို ဝန်ထမ်းတစ်ဦးနှင့်တစ်ဦး မျှဝေလက်ဆင့်ကမ်းနိုင်ကြစေရန်၊ တိုးတက်နေသော နည်းပညာများအပေါ် မျက်ခြေ မပြတ်စေရန်၊ တောင်သူများထံ သုတေသနရလဒ်များ စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို မတ် (၁၇) ရက်မှ (၁၉) ရက်အထိ (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ရွက်ဖျန်း မြေဩဇာ အမျိုးမျိုးတို့၏ ဝါသီးနှံကြီးထွားဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းအပေါ် အကျိုးသက် ရောက်မှုများ စမ်းသပ်ခြင်း၊ စိုက်ပျိုးချိန်ပြောင်းလဲခြင်းအပေါ် မူတည်၍ စပါးအထွက်နှုန်းကို လေ့လာခြင်း၊ ပန်းမန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် Gamma ရောင်ခြည် အသုံးပြု၍ မျိုးသစ်များရရှိရန် ဆောင်ရွက်ခြင်း၊ ငါးအမိုင်နိုအက်ဆစ်အမျိုးမျိုးနှင့် နှုန်းထားအမျိုးမျိုးတို့၏ ဖရုံအပင် အထွက်နှုန်းအပေါ် အကျိုးသက် ရောက်မှုများအားလေ့လာခြင်း၊ ကော်ဖီပင်တွင် ယူရီးယား မြေဩဇာပမာဏအမျိုးမျိုး သုံးစွဲခြင်းဖြင့် အပင်ကြီးထွားမှုကို စမ်းသပ်ခြင်း၊ ရော်ဘာပျိုးခင်း ပျိုးအိတ်အတွင်း ထည့်သွင်းသောမြေတွင် သဘာဝမြေဆွေး နှုန်းအမျိုးမျိုး ထည့်သွင်းခြင်း အားဖြင့် ပျိုးပင်ကြီးထွားမှုနှင့် မြေအာဟာ ဓာတ်အပေါ် အကျိုး သက်ရောက်မှုကို လေ့လာခြင်း၊ ပေါ်ဆန်းရင်စပါးမျိုးများ၏ ရုပ်သွင်ပြင် လက္ခဏာများနှင့် အထွက်နှုန်း နှိုင်းယှဉ်လေ့လာခြင်း၊ မိုးစပါး-အာလူးသီးနှံပုံစံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ် ရရှိမှုအားလေ့လာဆန်းစစ်ခြင်း၊ ကော်ဖီ မျိုးများ၏ ရုပ်လက္ခဏာ ဖော်ပြနိုင်စွမ်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ အာရေးဗီးကား ကော်ဖီ (၂၉)မျိုးအား မျိုးအုပ်စု များခွဲခြားခြင်း၊ ဆီအုန်းစပ်မျိုး (Delix Yamgambi) သားဆက်မှ ဒေသ ရေမြေ ရာသီဥတုနှင့် သင့်တော်သော မျိုးများအား ရွေးချယ်ခြင်းစသည့် စာတမ်းများကို စိုက်ပျိုး ရေးဦးစီးဌာနရှိ ရုံးချုပ်ဌာနခွဲများမှ စာတမ်းရှင် (၂၁)ဦး၊ တိုင်းဒေသကြီး ပြည်နယ်များမှ စာတမ်းရှင် (၄၁)ဦး စုစုပေါင်း စာတမ်းရှင်(၆၂)ဦးက ဖတ်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment