e-ID စနစ် လုပ်ငန်းသည် နိုင်ငံတော်အတွက် အရေး ကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

e-ID စနစ် လုပ်ငန်းသည် နိုင်ငံတော်အတွက် အရေး ကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား



MNP ၊ မတ် ၂၂

မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်းကော်မတီ၊ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ e-ID စနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကိုယ်တိုင် မတက်ရောက်နိုင်သည့် ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ e-ID  စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် e-ID စနစ်လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအား နိုင်ငံတော်အကြီးအကဲထံ တင်ပြဆောင်ရွက်ခဲ့ပြီးဖြစ်ပါ ကြောင်းနှင့် e-ID  စနစ် အကောင်အထည် ဖော်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား ကြရန်ဖြစ်ပါကြောင်း၊ e-ID  စနစ်လုပ်ငန်းသည် ယခင်အစိုးရကာလအတွင်းက ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း လုပ်ငန်းများရပ်တန့်နေပြီး ယခုအစိုးရကာလတွင် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ကြီးမားကျယ်ပြန့်ပြီး နိုင်ငံတော် အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း။

ယခုနိုင်ငံတော်အစိုးရကာလအတွင်း ပြီးစီးနိုင်သမျှသော လုပ်ငန်းများကို အတတ်နိုင်ဆုံး ကြိုးပမ်းကာ ရုပ်လုံးပေါ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ e-ID စနစ် အကောင် အထည်ဖော်ရာတွင် Unit-ID ကောက်ယူခြင်းနှင့် National-ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း (၂) ပိုင်းဖြင့် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း။

ယခုကာလအတွင်း Unit-ID ကို စတင်ဆောင်ရွက်ရန် လျာထားရာတွင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် တိုင်းဒေသကြီး(၃)ခုမှ မြို့နယ် (၈၁) မြို့နယ်ကို ဦးစွာဆောင်ရွက်ရန် လျာထားပါကြောင်း၊ Unit-ID ကောက်ယူရာတွင် နိုင်ငံအတွင်းရှိ အသက် (၁၀) နှစ်နှင့် အထက် ရှိသူအားလုံးကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic Data) (၆) ချက်ကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) (၃) မျိုးကောက် ယူခြင်းတို့ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှု အပေါ်မူတည်၍ ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး National-ID ခေါ် Smart Card  ထုတ်ပေးရေး လုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းအလိုက် အကောင်အထည်ဖော်ရန် ဆပ်ကော်မတီ (၆)ခုကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ e-ID  စနစ် လုပ်ငန်းသည် နိုင်ငံတော်အတွက် အရေး ကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ယခုကော်မတီဝင်များအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေး သုံးသပ် အကြံပြုပေးကြ စေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်နှင့် လုပ်ငန်းကော်မတီဝင်များက e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ပြည်တွင်းအကြံပေးပညာရှင်အဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် အဖွဲ့ဝင်များ ထည့်သွင်းဖွဲ့စည်းမှု ၊ ယင်းအဖွဲ့၏ အကြံပြုသုံးသပ်ချက်များအပေါ် ဆက်လက်အကောင်အထည်ဖော် နိုင်ရေး အခြေအနေ၊ ဆပ်ကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ နည်းပညာ ဆိုင်ရာနှင့် ပတ်သက်၍ စဉ်းစားဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပညာရှင်များ လိုအပ်မှု၊ အသုံးပြုမည့် နည်းပညာဆိုင်ရာ စက်ကိရိယာပစ္စည်းများလိုအပ်မှုနှင့် လုပ်ငန်းစဉ် အဆင့်အလိုက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ တွေ့ကြုံနိုင်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲ များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြပြီး ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ဖြည့်စွက် ဆွေးနွေးတင်ပြရာ လုပ်ငန်းကော် မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီးနိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)