MNP - ဧပြီ ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ဘားအံမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ အလယ်တန်း ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုဟောပြောပွဲကို အနာဂတ်တွင် နိုင်ငံ့သား ကောင်းများ ဖြစ်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ များကြွယ်ဝစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် လုံ့လဝီရိယရှိရန်၊ ရည်မှန်းချက်ကြီးကြီး ထားရန်နှင့် ရည်မှန်းချက်ခိုင်မာရန်လိုကြောင်း၊ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားကိုယ်ကိုး စိတ်ဓါတ်များမွေးမြူ၍ ပျော့ညံ့သည့် သူများမဖြစ်စေဘဲ လောကဓံကို ကြံကြံခံရင်ဆိုင်နိုင်ဖို့လိုကြောင်း၊ မိဘ၊ ဆရာသမား များ၏ သွန်သင်ဆုံးမမှုကို နာခံတတ်သည့် အမျိုးကောင်းသားသမီးများ ဖြစ်ကြစေလိုကြောင်း၊ နောင်တစ်ချိန် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်း သယ်ပိုးထမ်းရွက် ကြမည့် ကျောင်းသားလူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြဖို့ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က အကျင့်စာရိတ္ထကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေးဆိုင်ရာ များကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး နန့်စယ်လီလှိုင်က စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းကောင်း မွန်ရေးဆိုင်ရာများကို လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး စတင်အောင်မြင့်က လူငယ်နှင့်အားကစားဆိုင်ရာများကို လည်းကောင်း အသီးသီး အသိပညာပေးဟောပြော ခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးက လက်ခံရယူခဲ့ပြီး Myanmar Fitness Dance လေ့ကျင့်ခန်း၊ မြန်မာ့သိုင်းအားကစားအဖွဲ့တို့က သရုပ်ပြတင် ဆက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဟောပြောပွဲသို့ တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားသည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမ ဝန်ထမ်းများက ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဟောပြောပွဲသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာ အသိပညာပေးဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment