MNP - ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်လွဲပိုင်းက ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ရှိ နိဗ္ဗာနမဂ္ဂကာရီ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံတွင် ရပ်ကွက်နေ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဗဟန်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနိုင်က နိုင်ငံသားကတ်အသုံးဝင်ပုံ၊ အသက်အရွယ်အလိုက် ကိုင်ဆောင်လဲလှယ်ရခြင်း အကြောင်းနှင့် ဥပဒေနှင့်ညီညွတ်မှု မရှိပါက အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ် လျောက်ထားသူများ၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားကတ်လျောက်ထားသူများ၊ နိုင်ငံသားကတ် အသစ်လဲလှယ် လျောက်ထားသူများ၊ နိုင်ငံသားကတ်၊ ပျောက်ပျက် လျောက်ထားသူများအား နိုင်ငံသားကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးကြသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က၊ လာရောက် ဆောင်ရွက်နေသော ရပ်ကွက်နေ ပြည်သူများအား အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - အောင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment